Connect with us

Videos

တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံသစ်ဖြင့် မြန်မာနိုင်ငံ ပြည်သူလူထုအားကောင်းမွန်သည့် ကျန်းမာရေး လက်ဆောင် ပေးအပ်လို

ရန်ကုန် ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီး ရောက်ရှိ နေသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao )က တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု အား ကောင်းမွန်သည့် ကျန်းမာရေး လက်ဆောင် ပေးအပ်လိုကြောင်း တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား တွင် ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ် ၊ ဗိုလ်ချုပ်ပြတိုက်လမ်း ရှိ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် အကြိုဖွင့်ပွဲ အခမ်းအနား ကို သြဂုတ် လ ၅ ရက်နေ့ နံနက်ပိုင်းကကျင်းပခဲ့ပြီး အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်မြို့တော်ဝန် ဒေါက်တာ ဦးမောင်မောင်စိုး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း တို့တက်ရောက်ပြီး တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် ဇနီး တို့လည်း တက်ရောက်ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ၊ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော် ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်း ဥက္ကဋ္ဌ ဦးသစ္စာ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း လူဦးရေ ၁၀၀ ခန့် အခမ်းအနား ကို တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနား တွင် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော် က ယခု ကဲ့သို့ မြန်မာ နိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှု အခန်းကဏ္ဍ တိုးတက်မြင့်မားရန် ကူညီဆောင်ရွက်ပေးခဲ့သည့် အတွက်အထူးကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကအမှာစကား ပြောကြားရာတွင် ယခုဖွင့်လှစ်သည့် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရေး အတွက် ထူထောင်ထားသည့် ဆေးရုံ တစ်ရုံ ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ်သည် မြန်မာ နိုင်ငံ ပြည်သူလူထု ကို အထောက်အကူ ပြုနိုင်မည့် ဆေးရုံအနေဖြင့် ဆက်လက်၍ တည်ရှိသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း က အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ဖြင့် မြန်မာ နိုင်ငံ ကျန်းမာရေး ကို အဆင့်မြှင့်တင်ပေးစေလိုပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး ကို ပိုမို တိုးမြှင့် နိုင်စေရန် မျှော်လင့်ကြောင်း ၊ ယနေ့လှူဒါန်းသည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ကိရိယာ နှင့် ဆေးဝါးကုသမှု ဆိုင်ရာ မော်တော်ယာဉ် တို့ဖြင့် တရုတ် နိုင်ငံ မှ ချစ်ခင်မေတ္တာသံယောဇဉ် ကို ပို့ဆောင်ပေးလိုကြောင်း ၊ မြန်မာ နိုင်ငံ ပြည်သူလူထု တို့ကျန်းမာချမ်းသာပြီး ပျော်ရွှင်သာယာဖွံ့ဖြိုးရန် ဆုမွန်တောင်းကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် မြန်မာ နိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ဝန်ကြီး ကိုယ်စား အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း က ကျေးဇူးတင် အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံ ဖြစ်သည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံသစ် အား ဖွင့်လှစ် နိုင်ခဲ့ခြင်းသည် ကိုယ်ဝန်ဆောင် မိခင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ကို အထူးပြု ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း ထို့ပြင် လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၌ ဖြစ်ပွား နေသည့် ရာသီ တုပ်ကွေးရောဂါ(H1N1) အတွက်လည်း လိုအပ်သည့် အကာအကွယ် ပစ္စည်းများ နှင့် ဆေးဝါး များကို ထောက်ပံ့ရန် စီစဉ် ဆောင်ရွက်နေသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံသစ် သည် တရုတ်-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ဖြစ်စေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ခဲ့ကြသည့် ရလဒ်ကောင်း တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ဆေးရုံသစ် ကမ္ပည်း ဆိုင်းဘုတ် ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ခဲ့ပြီး တရုတ် နိုင်ငံ “ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း” မှ အတွင်းရေးမှူးချုပ် ရွှီကျန့်ကော က ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံအတွက် ဆေးဘက်ဆိုင်ရာသုံး မော်တော်ယာဉ် တစ်စင်း ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ လူမှုရေး ဝန်ကြီး ဦး နိုင်ငံလင်း ထံသို့ ပေးအပ်လှူဒါန်း ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.