Videos
မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာ သို့သွားရောက်ခဲ့သည့် ခရီးစဉ် နှင့် စပ်လျဉ်း၍ ရှင်းလင်း
ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ခ်ဘဇား နှင့် ဒါကာသို့ သွားရောက်ခဲ့သည့် ခရီးစဉ်နှင့်စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်အား ယနေ့ဧပြီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ ပြုလုပ်ခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲအား နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အပါအဝင် သွားရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ် အဖွဲ့တာဝန်ရှိသူများက သံတမန်များ ၊ ပြည်တွင်း/ပြည်ပ သတင်း မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေးအား မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှု အပေါ် နှစ်နိုင်ငံ သဘောတူ စာချုပ် အတိုင်း ဥပဒေ နှင့် အညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ်မှ စတင် လက်ခံ၍ ရသောကြောင့် အဆင်သင့် ဖြစ်အောင် လုပ်ခဲ့ကြောင်း ၊ ယခုလည်း လုပ်ဆောင်ရင်း ပို၍ အဆင်သင့် ပြည့်ပြည့်စုံစုံ ဖြစ်လာခဲ့ကြောင်း ၊ ယခုအချိန်တွင် လိုအပ်သည့် ကိစ္စ မှန်သမျှအား ဖြည့်ဆည်း နိုင်အောင် ပြည့်ပြည့်စုံစုံ ဖြစ်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါသွားခဲ့သည့် ဒေါက်တာအောင်ထွန်းသက် ၊ ဒေါက်တာ သက်သက်ဇင် ၊ ဦးတင်မြင့် ၊ ဦးသန်းလွင် နှင့် ဒေါက်တာလှထွန်း တို့က ခရီးစဉ် အတွေ့အကြုံ များအား ရှင်းလင်း ပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့မြန်မာ ကိုယ်စားလှယ် အဖွဲ့သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း ကော့ခ်ဘဇားရှိ နေရပ် စွန့်ခွာနေထိုင်သူများ စခန်း၌ နေရပ်စွန့်ခွာ သူများနှင့် တွေ့ဆုံခဲ့ပြီး ဒါကာမြို့ နိုင်ငံတော် ဧည့်ဂေဟာ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နှင့် ပြည်ထဲရေး ဝန်ကြီး တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် အပြင် ဒါကာမြို့ရှိ မြန်မာသံရုံး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)