Videos
မြန်မာ- အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ
နေပြည်တော် ၊ မေ၂၂ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ထောက်ခံသည့်အနေဖြင့် အရေးယူ ပိတ်ဆို့မှုအချို့ကို လျှော့ချပေးခဲ့ပြီး မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသော ဒီမိုကရေစီ အသွင် ကူးပြောင်းမှု တိုးတက်ခြင်းအပေါ် အခြေခံ၍ အချို့သော ကဏ္ဍများ အတွက် အရေးယူပိတ်ဆို့မှု ဆက်ထားရခြင်းမှာ အချို့သော သူများ၏ လုပ်ကိုင်မှု ပြောင်းလဲရန် လိုအပ်နေပြီး တိုးတက်မှုများ ဆက်ရှိရန် လိုနေခြင်းကြောင့် ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဂျွန်ကယ်ရီက ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာ- အမေရိကန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
ဂျွန်ကယ်ရီက “နှစ်နိုင်ငံကြားက ဆက်ဆံရေးရဲ့ရလဒ်တွေ ကောင်းမွန်လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကူညီချင်ပါတယ်။ အင်စတီကျူးရှင်းအားလုံးကို အားပေးတဲ့အနေနဲ့ တစ်ချို့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်ထားပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးကို ဆက်လက်ထောက်ပံ့နိုင်ရေး အရပ်ဖက်လူ့အဖွဲ့အစည်းတွေကိုလည်း အားပေးတိုက်တွန်းမှုတွေ လုပ်နေပါတယ်။’’ ဆက်လက်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ရှိနေခြင်းကို မကြောက်ပါဘူး။ အရင်က အရေးယူ ပိတ်ဆို့မှု လုပ်ရမည့် အခြေအနေ ရှိတဲ့ အတွက် အရေးယူ ပိတ်ဆို့မှုတွေ ရှိရမယ်ဆိုတာကို သိပါတယ် ။ ဒါပေမယ့် အနာဂတ် တစ်ချိန်ချိန်မှာတော့ အရေးယူ ပိတ်ဆို့မှုများ လုံး၀ မရှိတော့ဘဲ ရုပ်သိမ်းပေးမယ့် အခြေအနေ ရောက်မည်လို့ ယုံကြည်ပါတယ်” ဟုပြောကြားခဲ့သည်။
ဂျွန်ကယ်ရီက မြန်မာအစိုးရသစ်ဟာ လူမှုရေး၊စီးပွားရေးဆိုင်ရာ မြောက်မြားလှစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရကြောင်း၊၎င်းတို့အနေဖြင့် ဒီခရီးလမ်းတစ်လျှောက် ရှေ့မှာဖြစ်လာမည့် စီးပွားရေးအကျိုးအမြတ် များနှင့် ဒီမိုကရေစီတည်တံ့ခိုင်မာရေးအတွက် မျှော်လင့်ချက်တွေ ရှိနေကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)