Videos
ရန်ကုန်တိုင်းအတွင်း အသစ်ပြေးဆွဲမည့် ယာဉ်လိုင်းများကို သယ်ယူပို့ဆောင်ရေးအဖွဲ့ ကြီးကြပ်မည်
ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
လက်ရှိပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ထိန်းချုပ်လျက်ရှိသည့် မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ ( မ.ထ.သ )ကို ဇန်နဝါရီလ ၁၆ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ပြီး စတင်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်းသစ်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကကြီးကြပ်သွားမည်ဟု တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့အတွင်း၌ လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်း ၃၀၀ ကျော်ကို ဖျက်သိမ်းကာ ယာဉ်လိုင်း အသစ် ၅၈ လိုင်းဖြင့် ပြောင်းလဲ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ယာဉ်ကြော ကျပ်တည်းမှု လျှော့ချနိုင်ရေး နှင့် ဘတ်စ်ကားလိုင်းများ စနစ်တကျဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အစိုးရ ကိုယ်တိုင် ပါဝင်သည့် အများပိုင် ဘတ်စ်ကားလိုင်းအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ပြုလုပ်သော အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲမှ သိရသည်။
ယင်း ဘတ်စ်ကားပြေးဆွဲမှုနှင့် ပတ်သက်၍ သုံးလတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ထံသို့ ဘတ်စ်ကား ပြေးဆွဲရန် လာရောက် လျှောက်ထားသည့် ကုမ္ပဏီ ၂ဝ ရှိကြောင်း ၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ယာဉ်လိုင်းများ စနစ်တွင် ပါဝင် ဆောင်ရွက်မည့် ပုဂ္ဂလိကလိုင်းကား ပိုင်ရှင်များသည် ဆက်သွယ် ပါဝင်ထားသည့် ကုမ္ပဏီ မရှိသေးပါက ဇန်နဝါရီ ၇ ရက်မှ ၁၀ ရက် အထိ စာရင်းပေးသွင်း မှတ်ပုံတင်နိုင်ကြောင်း၊၂ဝ၁၇ ခုနှစ်အကုန် တွင် ယာဉ်လိုင်းများကို တိုင်းဒေသကြီး အစိုးရ ကိုယ်တိုင် ရှယ်ယာ ထည့်ဝင်၍ အများပိုင် ဘတ်စ်ကား လိုင်းများအဖြစ် ပြောင်းလဲ သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၆ သန်းကျော် နေထိုင်လျက်ရှိပြီး လူဦးရေ သိန်း ၂ဝ ကျော်သည် လိုင်းကားများကို နေ့စဉ် အသုံးပြုလျက် ရှိကြောင်း သိရသည်။ (Xinhua)