Videos
ရေကြီးရေလျှံမှုများကြောင့် ၄ ဦးသေဆုံးပြီး လူပေါင်း၂သိန်းကျော် ရေဘေးသင့်
ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် ဇူလိုင်လ (၁၅) ရက်နေ့မှ သြဂုတ်လ (၄) ရက်နေ့အထိ ရေဘေးဖြစ်ပွားမှု နှင့်ထောက်ပံ့မှုအခြေအနေ စာရင်းများ အရ ယခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ၇ခုတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ လူပေါင်း ၂သိန်းကျော် ရေဘေးသင့်ပြီး ၄ဦးသေဆုံးခဲ့ကြောင်း သတင်း ထုတ်ပြန်လိုက်သည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် စစ်ကိုင်းတိုင်းတွင် ၂ ဦးနှင့် ကချင်ပြည်နယ်တွင်၂ ဦး သေဆုံးခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုပေါင်း ၅ သောင်းခွဲကျော်၊ ပြောင်းရွှေ့အိမ်ခြေပေါင်း ၅ သောင်းကျော်ရှိပြီး မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် ရေဘေးဒုက္ခ ပိုမိုခံစားနေရသည်။ ရေဘေးသင့်ပြည်သူများကို အစိုးရအနေဖြင့် ကျပ်သန်းပေါင်း ၁၁၃ သန်းကျော် သုံးစွဲထားပြီး အစား အသောက်နှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ကူညီထားကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရေဘေးကယ်ဆယ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်အနေဖြင့် ရေတိုရေရှည် အစီအမံများချမှတ်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းအထူး အလေးအနက်ထားပြောကြားခဲ့သည်။ (Xinhua)