Videos
တရုတ်နိုင်ငံတွင် ပညာသင်ကြားခဲ့သောမြန်မာပညာတော်သင် ကျောင်းသားများ ဘွဲ့နှင်းသဘင် သံရုံး၌ကျင်းပ
ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် တရုတ် နိုင်ငံသို့ သွားရောက်၍ ဘွဲ့နှင်းသဘင် အခမ်းအနား မတက်ရောက် နိုင်သည့် ၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပညာတော်သင်ဆုရရှိခဲ့သည့် ကျောင်းသားများအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကိုမြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီပွားရေးသံရုံးတွင် ဩဂုတ် ၁၀ ရက်ကကျင်းပပြုလုပ်ခဲ့ပြီး ဘွဲ့ လက်မှတ်များအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဖွံ့ဖြိုးဆဲကမ္ဘာ့တောင်ပိုင်းနိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှု (South–South cooperation) နှင့် ဖွံ့ဖြိုးတိုးတက်ရေးကောလိပ် ၊ ပေကျင်းတက္ကသိုလ် ၊ ချင်းဟွာတက္ကသိုလ် ၊ ကျွန်းဆန်းတက္ကသိုလ် နှင့် တရုတ် နိုင်ငံရိန်မင်းတက္ကသိုလ် များက ပေးအပ်သောဘွဲ့နှင်းသဘင်အခမ်းအနားကို တရုတ် နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ပညာတော်သင်ဆုရရှိခဲ့သည့် မြန်မာကျောင်းသား/ကျောင်းသူများနှင့် ယင်းတို့၏ မိသားစုဝင်များတက်ရောက် ခဲ့ကြကြောင်းသိရသည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံရုံးစီးပွားရေးသံမှူးထန်ဆူးဖု က ဘွဲ့ ရရှိခဲ့သည့် မြန်မာနိုင်ငံကျောင်းသား/သူ ၁၂ ဦးအားဂုဏ်ပြုစကားပြောကြားရာတွင် COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့ရသောအခက်အခဲနှင့် စိန်ခေါ်မှုများအားရင်ဆိုင်ကျော်ဖြတ်ခဲ့သည့် ၎င်းတို့၏ စိတ်ဓါတ် ခွန်အားအပေါ် ချီးမွမ်းပါကြောင်း၊ ထူးချွန်သည့် ရမှတ်များဖြင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးတွင်အောင်မြင်မှုရရှိခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းစသဖြင့်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌဦးနေအုပ် က အခမ်းအနားတွင် ဘက်စုံဖွံ့ဖြိုးတိုးတက် နေသည့် တရုတ်နိုင်ငံ က မြန်မာနိုင်ငံလူငယ်များအတွက် ပမာဏကြီးမားသည့် ပညာသင် ဆုများပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံမှ ပညာသင်ယူ၍ ပြန်လည် ရောက်ရှိလာသောကျောင်းသား/သူများအနေဖြင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သက်ရောက်မှုဖြစ်စေမည် ကိုယုံကြည်ကြောင်းပြောကြားခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကျောင်းသား/သူများကလည်း တရုတ်နိုင်ငံသို့ ပညာတော်သင် သွားရောက်ခဲ့သည့် အတွေ့အကြုံများကိုမျှဝေဖလှယ် ခဲ့ကြသည်။ (Xinhua)