Videos
တရုတ်နိုင်ငံ၏ လကမ္ဘာသွား အာကာသယာဉ် နမူနာပစ္စည်းများနှင့်အတူ အောင်မြင်စွာ ပြန်လည်ရောက်ရှိ (ရုပ်သံ)
ပေကျင်း ၊ ဒီဇင်ဘာ ၁၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်၊ ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံ၏ Chang’e-5 အာကာသယာဉ် (နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း) သည် လမျက်နှာပေါ်မှ စုဆောင်းထားသော နမူနာပစ္စည်းများနှင့်အတူ အိမ်အပြန်ခရီးကိုနှင်ခဲ့ရာတွင် ယနေ့ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်း၌ ကမ္ဘာမြေသို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ၊ ယင်းမှာ နှစ်ပေါင်း ၄၀ ကျော်ကာလအတွင်း ကမ္ဘာ့ပထမဆုံး လမျက်နှာပြင်နမူနာပစ္စည်းများကို သွားရောက်စုဆောင်းသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ အာကာသယာဉ်သည် တရုတ်နိုင်ငံမြောက်ပိုင်းအတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Siziwang Banner သို့ ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံအမျိုးသားအာကာသာစီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းမှာ ၂၀၀၄ ခုနှစ်က စတင်ခဲ့သည့် လကမ္ဘာလေ့လာရေးဂြိုဟ်တုလွှတ်တင်ခြင်း၊ ဆင်းသက်ခြင်းနှင့် နမူနာ စုဆောင်းခြင်းစသည့် တရုတ်နိုင်ငံ၏ လကမ္ဘာလေ့လာရေးလုပ်ငန်းစဉ် အဆင့် ၃ ဆင့် စလုံး အတွက် အောင်မြင်မှု အဆုံးသတ်မှတ်တိုင် တစ်ခု လည်းဖြစ်သည်။
Chang’e-5 သည် တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေး သမိုင်းတွင် ရှုပ်ထွေးပြီး စိန်ခေါ်မှုအရှိဆုံး လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံက ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ လပေါ်ဆင်းသက်ယာဉ် (lander) ၊ လပေါ်မှနမူနာပစ္စည်းများနှင့် ပျံတက်ယာဉ် (ascender) နှင့် နမူနာပစ္စည်းများပြန်လည်သယ်ယူခန်း (returner) တို့ကို ပေါင်းစည်းထားသော Chang’e-5 အာကာသယာဉ်ကို နိုဝင်ဘာ ၂၄ ရက်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ lander-ascender ပေါင်းစပ်ယာဉ်သည် လမျက်နှာပြင်၏ အနီးဆုံးဘက်ခြမ်း၊ မုန်တိုင်းများ၏ သမုဒ္ဒရာဟု လူသိများသော Oceanus Procellarum ရှိ Mons Rumker ၏ မြောက်ဘက်ပေါ်၌ ဒီဇင်ဘာ ၁ ရက်က ဆင်းသက်ခဲ့သည်။
ယင်းနောက် လမျက်နှာပြင် နမူနာပစ္စည်းများကို ယူဆောင်၍ လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် ကမ္ဘာမြေသို့ အပြန်ခရီးကို နှင်ခဲ့ရာတွင် ယခုကဲ့သို့ အောင်မြင်စွာပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)