Videos
တရုတ်-ဥရောပ ကုန်တင်ရထား တရုတ်နိုင်ငံ ရှင်းကျန်းဒေသ နယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ထွက်သွားလာမှုများပြား
ရှင်းကျန်း၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံနှင့်ထိစပ်နေသည့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟော့အယ်ကော်စ်(Horgos)နယ်စပ်ဂိတ်တွင် ယခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထားသွားလာမှု တိုးများ လာခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလ မှ ဇူလိုင်လအထိ စုစုပေါင်း ကုန်တင်ရထား ၂,၂၄၀ စင်းသည် ကုန်တန်ချိန် ၃.၃သန်းကျော်ကို သယ်ဆောင်၍ ဟော့အယ်ကော်စ်ဂိတ်မှတစ်ဆင့် ဖြတ်သန်း သယ်ယူပို့ဆောင်ခဲ့ကြောင်း၊ ယင်းသယ်ယူပို့ဆောင်မှုပမာဏသည် ပြီးခဲ့သောနှစ် အလားတူ ကာလထက် ၅၅.၃၇ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့ကြောင်း နယ်စပ်ဂိတ်ဘူတာ၏ ဖော်ပြချက်များအရသိရသည်။
ပထမ ၇ လအတွင်း တရုတ်နိုင်ငံ လျန်ယွင့်ကန်၊ ကျန့်ကျိုး၊ ချိန်တူး၊ ချုံချင့်စသည့် မြို့များမှ ဟော့အယ်ကော့်စ်နယ်စပ်ဘူတာကို ဖြတ်သန်း၍ ဥရောပသို့ သွားရောက်သည့် ကုန်ရထားအရေအတွက်သည် ၁,၉၇၄ စင်းရှိခဲ့သည်။ သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများမှာ အဝတ်အထည်၊ အီလက်ထရောနစ်ထုတ်ကုန် ၊ စက်ပစ္စည်းနှင့်လျှပ်စစ်ပစ္စည်း၊ ဓါတုပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် ဂျာမနီ၊ ပိုလန်၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်နှင့် အခြားနိုင်ငံများမှာ ယင်းနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဝင်ရောက်လာသော ရထားပေါင်း ၂၆၆ စင်း ရှိခဲ့ကြောင်း နှင့် အဓိက သယ်ယူပို့ဆောင်သည့် ကုန်ပစ္စည်းများ ချည်မျှင်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ ပါဝင်ကြောင်း သိရသည်။(Xinhua)