Connect with us

Videos

နိုင်ငံတစ်ဝန်း ရေရှားပါး ပြတ်လပ်မှု သမိုင်းတစ်လျှောက် အများဆုံး အဖြစ် ကြုံတွေ့နေရပြီး စိုက်ပျိုးရေး ကဏ္ဍအပေါ် ထိခိုက်မှု ရှိနိုင်

ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတစ်ဝန်း ရေရှားပါး ပြတ်လပ်မှု ကြုံတွေ့နေရသည့် အခြေအနေမှာ သမိုင်းတစ်လျှောက် အများဆုံး ဖြစ်နေပြီး ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရေး ကဏ္ဍအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။
“အယ်လ်နီညိုကြောင့် ပူပြင်းတဲ့ အပြင် မိုးကလည်း မရွာတော့ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်တယ်။ အထိခိုက်ဆုံး ကဏ္ဍ တစ်ခုကတော့ ရေရှားတာပဲ။ ရေတွေ ပြတ်လပ်ကုန်တယ်။ ဒီနှစ် မြန်မာနိုင်ငံမှာ ရေရှားတဲ့ဘေး ကြုံတွေ့နေရတဲ့ ကျေးရွာပေါင်း ၂,၀၀၀ ရှိတယ်။ အဲဒါ သမိုင်းမှာ အများဆုံးပဲ။ တစ်ချို့ ဒေသတွေမှာ အဝီစိတွင်း တူးပေမယ့် ရေမထွက်တော့ဘူး။ ဒါကြောင့် ရေပြဿနာက တော်တော် ကြီးပါတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်သည် ဇွန်လတွင် ပြီးဆုံးမည် ဖြစ်သော်လည်း အယ်လ်နီညို ရာသီဥတု ဒဏ်ကြောင့် ထိခိုက်မှုမှာ ၃ လခန့်ဆက်လက် ရှိနေအုန်းမည် ဖြစ်ပြီး စက်တင်ဘာလမှသာ ပြီးဆုံးမည် ဖြစ်ကြောင်း ၊ ထိခိုက်မှုများ အနေဖြင့် အပူချိန် အလွန်မြင့်တက်ခြင်း ၊ ရေရှားပါး ပြတ်လပ်မှု ၊ စိုက်ပျိုး သီးနှံ ထုတ်လုပ်မှု ကျဆင်းခြင်း ၊ ကျန်းမာရေး ပြဿနာ နှင့် သဘာဝ ဘေးအန္တရာယ် စသည့်တို့ကို ကြုံတွေ့ ခံစား ရမည် ဖြစ်ကြောင်း သိရသည်။
ယခုဖြစ်ပွားသည့် အယ်လ်နီညို ရာသီဥတုသည် နှစ်ပေါင်း ၅၀၀ အတွင်း အပြင်းထန်ဆုံး ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပြီး အပူပြင်းဆုံး စံချိန်များ ကျော်လွန်ခဲ့သည့် မြို့အရေအတွက်မှာလည်း အများဆုံး ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုနှစ် အောက်တိုဘာလတွင် လာနီညာ ရာသီဥတုနှင့် ထပ်မံ ကြုံတွေ့ရမည် ဖြစ်ပြီး လာနီညာ ရာသီဥတု၏ အကျိုးဆက်ကြောင့် ရေကြီးမှု ၊ မြေပြိုမှု နှင့် မုန်တိုင်း အန္တရာယ်များ သတိပြုရမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး ပြောကြားခဲ့သည်။
ထို့ကြောင့် လက်ရှိကာလ ရာသီဥတုမှာ အလွန်ကြမ်းတမ်းသည့် ကာလ ၊ လွန်ကဲသည့် ရာသီဥတု ရှိသည့် အတွက် အကျိုးဆက်အနေဖြင့် ပျက်ဆီး ဆုံးရှုံးမှု များနိုင်သဖြင့် အားလုံး သတိရှိရန် လိုအပ်ပြီး ကြိုတင် ပြင်ဆင်မှု ၊ ကာကွယ်မှုများ စုပေါင်းပြီး လုပ်ဆောင်၍ မိုးလေဝသ အခြေအနေများကို မျက်ခြည် မပြတ် စောင့်ကြည့်သင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က အကြံပြု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.