Videos
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး ထိခိုက်စေရန် စီစဉ်ဆောင်ရွက်ခြင်းမှာထင်ရှား
ရန်ကုန် ၊ သြဂုတ် ၂၉ ရက်(ဆင်ဟွာ) နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာ အသိုက်အဝိုင်းမှ ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ် သာယာဝပြောရေး အတွက် ကြိုးပမ်းအားထုတ်နေမှုများကို အကြမ်းဖက်သမားများကထိခိုက်ပျက်စီးစေရန် အကွက်ကျကျဖြင့် စီစဉ်ဆောင်ရွက်နေသည်မှာ ထင်ရှားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ယနေ့ သြဂုတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏မြေပေါ်မှာ ကျူးလွန်သည့် အကြမ်းဖက်တိုက်ခိုက်မှုများကို တုံ့ပြန်ရန် အချုပ်အခြာအာဏာနှင့် လုပ်ပိုင်ခွင့်ရှိကြောင်း၊ ထိုသို့ ပြန်လည်တုံ့ပြန်ရာတွင် အပြစ်မဲ့ပြည်သူများ ကြားညပ် သေကြေ ပျက်စီးမှုမရှိစေရန် အဖြစ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များ၏ သက်ဆိုင်ရာ နယ်မြေများ အေးချမ်းတည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းများကို အားလုံးမှ ဝိုင်းဝန်းပူးပေါင်း ကူညီကြပါရန်လည်း မေတ္တာရပ်ခံကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ က လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ၎င်းတို့ လိုက်နာ စောင့်ထိန်းရသည့် ကျင့်ဝတ်နှင့်ဥပဒေတို့ကို အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ပတ်သက်သည့် ဖြစ်စဉ်အသေးစိတ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးချုပ်ဝင်းထွန်းက ဆက်လက်ရှင်းလင်းခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့က ရန်ကုန်မြို့ အခြေစိုက် သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ယနေ့ သြဂုတ် ၂၉ ရက်တွင် ရန်ကုန်မြို့၌ ရှင်းလင်းရာတွင် ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)