Videos
အီကွေဒေါ နိုင်ငံ သမ္မတ ငလျင်ဒဏ်ခံပြည်သူများနှင့် တွေ့ဆုံအားပေး
မနာဘီ ၊ ဧပြီ ၂ဝ ရက် (ဆင်ဟွာ)
အီကွေဒေါနိုင်ငံ သမ္မတ ရာဖဲလ် ကော်ရီယာ သည် အီကွေဒေါနိုင်ငံ ၊ မနာဘီ ပြည်နယ် မြို့တော် ပေါ်တိုဗီရာရို ငလျင်ဒဏ်သင့်ပြည်သူများနှင့် ဧပြီလ ၁၈ ရက်နေ့က သွားရောက်တွေ့ဆုံအားပေးခဲ့သည်။
အီကွေဒေါနိုင်ငံ ဧပြီလ ၁၆ ရက်နေ့ ၌ ပြင်းအား ၇.၈ ရစ်ချ်တာစကေး အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသူဦးရေ စုစုပေါင်း ၄၁ဝ ကျော်ရှိပြီဖြစ်သည်။ ငလျင်ဒဏ်သင့် ပြည်သူများအတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းအားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိသကဲ့သို့ အပျက်အစီးများကြားတွင် ပိတ်မိလျက်ရှိသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိသည်။
ဗင်နီဇွဲလားနှင့် ကိုလံဘီယာနိုင်ငံတို့မှ ကူညီကယ်ဆယ်ရေးအဖွဲ့များကလည်း ငလျင်ဒါဏ်သင့်ဒေသများတွင် လာရောက်ကူညီပေးလျက်ရှိကြသလို ပီရူး၊ ချီလီ၊ မက္ကဆီကို နှင့် အခြား နိုင်ငံများမှ အကူအညီများ ပေးပို့လျက်ရှိသည်။
အီကွေဒေါနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံအတွင်း လှုပ်ခတ်ခဲ့သည့် အပြင်းထန်ဆုံး ငလျင်တစ်ခုဖြစ်ပြီး နိုင်ငံ၏ မြောက်ပိုင်း ကမ်းရိုးတန်း ဒေသတလျှောက် အများဆုံးထိခိုက်ပျက်စီးခဲ့သည်။ အပျက်အစီးများကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် အီကွေဒေါနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ အချိန်ယူရနိုင်ဖွယ်ရှိသည်။ (Xinhua)