Videos
ရှုန်းအန်းမြို့သစ်ဧရိယာတည်ဆောက်မှု လေးနှစ်ကြာပြီးနောက် အရှိန်အဟုန်အပြည့်ဖြင့် တိုးတက်လျက်ရှိ
ရှုန်းအန်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အနာဂတ်မြို့ ဖြစ်သည့် ရှုန်းအန်းမြို့သစ်ဧရိယာတည်ဆောက်မှုသည် လေးနှစ်ကြာပြီးနောက် အရှိန်အဟုန်အပြည့်ဖြင့် တိုးတက်လျက်ရှိသည်။
လက်ရှိတွင် ရှုန်းအန်းရှိ အဓိကဆောက်လုပ်ရေးစီမံကိန်းကြီး (၁၂၀)ကျော်တွင် အလုပ်သမားဝန်ထမ်း (၁၆၀,၀၀၀)ကျော် လုပ်ကိုင်လျက်ရှိသည်။
၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ဟဲပေပြည်နယ်တွင် ရှုန်းအန်း မြို့သစ်ဧရိယာတည်ဆောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ကြေညာခဲ့သည်။ ၎င်းမှာ ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် အရေးပါသည့် စီမံကိန်းတစ်ခုဖြစ်သည်။
ပေကျင်း-ရှုန်းအန်း မြို့ချင်းချိတ်ဆက် ရထားလမ်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၇ တွင် ဖွင့်လှစ်နိုင်ခဲ့ရာ မြို့တော် ပေကျင်းနှင့် ရှုန်းအန်းအကြား မူလခရီးသွားလာချိန် တစ်နာရီခွဲကြာမြင့်ရာမှ မိနစ်(၅၀)အထိ လျှော့ချပေးနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ရှုန်းအန်းဒေသ၌ သစ်ပင်စိုက်ပျိုးမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ရာ မြေယာဟက်တာ (၂၇,၀၀၀) ကျော်ကို လွှမ်းခြုံစိုက်ပျိုးနိုင်ခဲ့သည်။ ဖွံ့ဖြိုးရေးစီမံကိန်းအရ စိမ်းလန်းစိုပြေစေရန် ရှုန်းအန်းမြို့သစ်၏ (၇၀)ရာခိုင်နှုန်းကို ရေ သို့မဟုတ် သစ်ပင်များ ရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှုန်းအန်းတွင် စီးပွားရေးပတ်ဝန်းကျင်ကောင်း တည်ဆောက်ဖန်တီးထားရာ လက်ရှိအချိန်အထိ မှတ်ပုံတင်ထားပြီးဖြစ်သော လုပ်ငန်းပေါင်း (၃,၈၀၀) ကျော် ရှိသည်။
၂၀၃၅ ခုနှစ်တွင် ရှုန်းအန်းအား အစိမ်းရောင်၊ အလိုအလျောက်စနစ်သုံး နေထိုင်ရန်သင့်တော်သည့် အဆင်မြင့် ခေတ်မီတိုးတက်သည့်မြို့ဖြစ်လာစေရန်တည်ဆောက်သွားမည်ဖြစ်ကာ ယှဉ်ပြိုင်မှုအားကောင်းပြီး သဟဇာတဖြစ်သည့် လူမှုပတ်ဝန်းကျင်အဖြစ် တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)