Videos
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း၊ ဧည့်ဝန်ဆောင်မှု ကဏ္ဍကို မြှင့်တင်ရန် တရုတ်နိုင်ငံမှ ငွေကြေးထောက်ပံ့သည့် သင်တန်းများ စတင်ဖွင့်လှစ်
ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုကဏ္ဍအတွက် အရည်အသွေး မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပွဲ အခမ်းအနားနှင့်အတူ မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားများ ပိုမိုလာရောက်ရေး ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့သည်။ China Foundation for Rural Development (CFRD) မှ ငွေကြေးထောက်ပံ့မှုဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ကဏ္ဍအတွက် အရည်အသွေး မြှင့်တင်ရေး သင်တန်းများကို မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ၎င်း၏မိတ်ဖက်အသင်းများမှ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်သည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ အဆိုအရ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းသုံးခုမှာ ခရီးသွားလုပ်ငန်းနယ်ပယ်အတွင်း အသက်မွေးဝမ်းကျောင်းပြုသူများအတွက် ဒစ်ဂျစ်တယ်နည်းပညာ စွမ်းရည်မြှင့်တင်ရေးသင်တန်း၊ ဧည့်လမ်းညွှန်အသစ်များအတွက် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း၊ ခရီးသွားဝန်ဆောင်မှုနှင့် ခရီးစဉ်ရောင်းချခြင်းဆိုင်ရာ သင်တန်းတို့ဖြစ်သည်။ ဧည့်ဝန်ဆောင်မှုဆိုင်ရာ သင်တန်း လေးခုမှာ ဟိုတယ် ဧည့်ကြိုဝန်ဆောင်မှု (အခြေခံ) သင်တန်း၊ အိပ်ခန်းဆောင် ထိန်းသိမ်းရေး (အခြေခံ) သင်တန်း၊ အစားအစာနှင့် အဖျော်ယမကာ တည်ခင်းဧည့်ခံ ကျွေးမွေးရေး (အခြေခံ) သင်တန်းနှင့် တရုတ်အစားအစာ ချက်ပြုတ်ထုတ်လုပ်ရေး (အခြေခံ) သင်တန်းတို့ ဖြစ်သည်။ သင်တန်းအများစုကို နိုဝင်ဘာလတွင် ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ (Xinhua)