Videos
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂.၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိ
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ငွေကျပ် ၂.၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က ထုတ်ပြန်သော သတင်းအရ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၁၄ ရက်၌ NISSAN ၁၂ ဘီး ယာဉ် ၂ စီးအား စစ်ဆေးရာ အဆိုပါယာဉ် ၂ စီးပေါ်တွင် ကုန်ပစ္စည်းများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၀.၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းနေ့ ည ၁၁ နာရီခွဲအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ အမျိုးသား ၂ ဦးကို အမရပူရမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့ပြီး မတ်လ ၁၅ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်တွင် ၎င်းတို့ ၂ ဦး ဝှက်သိမ်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၂.၂ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ ၁ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊
ယင်း သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)