Videos
၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေး (ရုပ်သံ)
နေပြည်တော်၊ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေး ကို ဩဂုတ် ၁၇ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ ပြုလုပ်ခဲ့ပြီး အစိုးရ ၊ လွှတ်တော် ၊ တပ်မတော်မှ ခေါင်းဆောင်များ ၊ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးတွင် UPDJC ၏ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က
“အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းဝင်မယ့် ပဋိညာဉ် တစ်ရပ် ဖြစ်လာတော့မယ့် ဒီစာချုပ်ကို လာမယ့် ညီလာခံမှာ လက်မှတ်ရေးထိုး ချုပ်ဆို နိုင်ရေးအတွက် ကျွန်မတို့ UPDJC အနေနဲ့ ဆက်လက် ကြိုးပမ်း အားထုတ်ကြရဦးမှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးအတွက် လိုအပ်နေသော ဒီမိုကရေစီအခြေခံမူများနှင့် ဖက်ဒရယ်အခြေခံမူများ ဖော်ထုတ် ရေးက ကျွန်တော်တို့ UPDJC ရဲ့ တာဝန် ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။
၁၉ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးတွင် UPDJC ဒုတိယ ဥက္ကဋ္ဌ ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက “ဒီကနေ့ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ချက်ပေါင်း ၉ ချက်ကို တစ်ညီတစ်ညွတ်တည်း သဘောတူ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်တွေဟာ လာမယ့် ဩဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးတွေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိက တာဝန်ယူရတဲ့ UPDJC ရဲ့ သန္နိဌာန်ကို ဖော်ပြနေတယ်လို့ ဆိုနိုင်ပါတယ်။”ဟု နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၁၉ ကြိမ်မြောက် UPDJC အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္တအစည်းအဝေး ကျင်းပမည့်ရက် နှင့် ညီလာခံကိုယ်စားလှယ် ဦးရေ သတ်မှတ်အတည်ပြုခြင်း ၊ UPDJC အဖွဲ့ဝင် အစားထိုး ပြောင်းလဲတာဝန်ပေးအပ်ခြင်း ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္တအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကိစ္စ ၊ ညီလာခံတွင် UPDJC နှင့် JMC အစီရင်ခံစာများ တင်သွင်းရေး ကိစ္စ စသည်တို့ကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)