Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဗယ်လာဒိုးလစ်နှင့် ပွဲစဥ်တွင် အမှတ်ပေးဇယား ဦးဆောင်မှုကိုအခိုင်အမာ ဆက်လက်ထိန်းထားနိုင်ရန် ရီးရဲလ်မက်ဒရစ် ရည်မှန်း

စပိန်လာလီဂါ ပွဲစဉ်-၂၁ တွင် ရီးရဲလ်မက်ဒရစ်အသင်းက အမှတ်ပေးဇယားအောက်ဆုံးမှ ဗယ်လာဒိုးလစ်နှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သဖြင့် အမှတ်ပေးဇယား၌ ဦးဆောင်ထားမှုကို အခိုင်အမာထိန်းထားနိုင်မည့် အကောင်းဆုံး အခွင့်အရေးတစ်ရပ်ကို ရရှိထားသည်။
အဆင့်-၂ အက်သလက်တီကိုမက်ဒရစ်ကမူ ဗီလာရီးရဲလ်နှင့် အိမ်ကွင်း၌ ပွဲကျပ်ကစားရမည်ဖြစ်သလို ဘာစီလိုနာအသင်းကလည်း ခြေစွမ်းပြနေသည့် ဗလင်စီယာနှင့် အိမ်ကွင်း၌ ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— မန်ချက်စတာစီးတီးက ဖရန့်ဖွတ်အသင်းမှ အီဂျစ်တိုက်စစ်မှူး အိုမာ မာမွတ်ရှ်အား ခေါ်ယူ
မန်ချက်စတာစီးတီးအသင်းက ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်၌ တတိယမြောက် ကစားသမား ခေါ်ယူမှုအဖြစ် အီဂျစ်တိုက်စစ်မှူး အိုမာ မာမွတ်ရှ်အား အိန်းထရက်ချ် ဖရန့်ဖွတ်အသင်းထံမှ ယူရို သန်း ၇၀ (အမေရိကန်ဒေါ်လာ ၇၂.၈ သန်း) ဖြင့် ခေါ်ယူခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဖရန့်ဖွတ်အသင်းအတွက် ပြိုင်ပွဲစုံ ၆၇ ပွဲ ပါဝင်ကစားထားပြီး ၃၇ ဂိုး သွင်းယူထားသည့် အသက် ၂၅ နှစ်အရွယ် မာမွတ်ရှ်မှာ ၂၀၂၉ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် လူအင်အားဖြည့်တင်းနေသည့် ပက်ပ်ဂွါဒီယိုလာ၏ အသင်းအနေဖြင့် လူငယ်နောက်ခံလူများဖြစ်သည့် ဗစ်တာဟေးစ်နှင့် အက်ဘ်ဒူကိုဒီယာ ခူဆာနော့ဗ်တို့အား ခေါ်ယူပြီးနောက် ၎င်းအား ထပ်မံခေါ်ယူ အားဖြည့်ခဲ့ခြင်းဖြစ်သည်။
“မန်ချက်စတာစီးတီးအသင်းက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းတစ်သင်းဆိုတာ အငြင်းပွားစရာမရှိပါဘူး” ဟု မာမွတ်ရှ်က ပြောကြားခဲ့သည်။
…..
— ဘီလာရုစ်တင်းနစ်မယ် ဆာဘလန်ကာ ဩစတြေးလျအိုးပင်း ဖိုင်နယ်သို့ သုံးကြိမ်ဆက်တိုက် တက်ရောက်နိုင်ခဲ့
ဩစတြေးလျအိုးပင်း ဆီမီးဖိုင်နယ်တွင် ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အာရီနာ ဆာဘလန်ကာက ပြိုင်ဘက်ဖြစ်သူ ‌ပေါ်လာ ဘာဒိုဆာကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပြီးနောက် ချန်ပီယံဆုကို စံချိန်တင် သုံးကြိမ်ဆက် ဆွတ်ခူးနိုင်ရေးအတွက် ဇန်နဝါရီ ၂၅ ရက်၌ ဖိုင်နယ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဇန်နဝါရီ ၂၃ ရက် ညပိုင်းက မဲလ်ဘုန်းပါ့ခ် အားကစားကွင်း၌ အချိန် ၁ နာရီနှင့် ၂၆ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဆာဘလန်ကာက ဆီဒင်-၁၁ တင်းနစ်မယ် ဘာဒိုဆာအား ၆-၄၊ ၆-၂ ဖြင့် အနိုင်ရရှိခဲ့သည်။
ဘီလာရုစ်တင်းနစ်မယ် ဆာဘလန်ကာအနေဖြင့် ဩစတြေးလျအိုးပင်းပြိုင်ပွဲတွင် ပွဲ ၂၀ ဆက်တိုက် အနိုင်ရရှိထားကာ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် သုံးနှစ်ဆက် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် ဆဋ္ဌမမြောက် တင်းနစ်မယ်နှင့် ၁၉၉၀ ပြည့်လွန်နှစ်များက မာတီနာဟင်းဂစ်နောက်ပိုင်း ပထမဆုံး တင်းနစ်မယ်ဖြစ်လာရန် ရည်မှန်းထားသည်။
…..
— ပြင်သစ်လက်ရွေးစင် ကစားသမား မူအာနီ ဂျူဗင်တပ်စ်အသင်းထံ အငှားဖြင့်ပြောင်းရွှေ့
စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဖြေရှင်းနိုင်ခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင် ကစားသမား ရန်ဒါလ် ကိုလို မူအာနီအား ပြင်သစ်လီဂူးဝမ်းကလပ် ပီအက်စ်ဂျီအသင်းထံမှ အငှားဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ဂျူဗင်တပ်စ်အသင်းက ကြေညာခဲ့သည်။
မူအာနီအနေဖြင့် ဘောလုံးရာသီကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး စာချုပ်မှာ အငှားသက်သက်သာဖြစ်ကာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ကြောင်း၊ ဂျူဗင်တပ်စ်အသင်းက ရာသီကုန်အထိ ၎င်း၏လစာကို အပြည့်အဝ ပေးချေမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)