Local
မြန်မာ့ပဲ အခက်အခဲအားဖြေရှင်းရန် ရေတိုရေရှည်အစီအမံများချမှတ်မည်

ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံအစိုးရက ပြည်ပမှ မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းမှု တန်ချိန်ကန့်သတ်ချက်များကို သြဂုတ်လအတွင်း ထုတ်ပြန်ခဲ့ရာ မြန်မာ့ ပဲကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက် အခက်အခဲဖြစ်စေခဲ့ကြောင်း၊ ပုံမှန်ပဲတင်သွင်းခွင့်ပြန်လည်ရရှိရေးအတွက် အစိုးရချင်း ညှိနှိုင်းပေးပါရန် ပုဂ္ဂလိကကဏ္ဍက နိုင်ငံတော်အစိုးရအား တင်ပြထားပြီး၊ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သတင်းထုတ်ပြန်သည်။
သို့ရာတွင် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် အစိုးရချင်းညှိနှိုင်းမှု မအောင်မြင်ပါက မြန်မာ့ ပဲကုန်သည်များနှင့် တောင်သူလယ်သမားများအတွက် ထိခိုက်နစ်နာမှု လျော့နည်းစေရန် လုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ရန်ကုန်တိုင်းကုန်စည်ဒိုင်တို့ သြဂုတ်လ ၂၄ ရက် ညနေပိုင်းတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးရာတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းကာ တောင်သူလယ်သမားများထံမှ ရိတ်သိမ်းပြီးပဲများအား ဝယ်ယူသိုလှောင်ခြင်းနည်းနှင့် အခြားပဲအမျိုးအစား (သို့) အခြားသီးနှံအား အစားထိုး စိုက်ပျိုးစေမည့်နည်း အပါအဝင် ဈေးကွက်တည်ငြိမ်ရေးနှင့် တောင်သူလယ်သမားများအား ထိခိုက်မှုလျော့နည်းစေရေး ရေတိုရေရှည်နည်းလမ်းများကို ညှိနှိုင်းခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ သက်ဆိုင်ရာ ပုဂ္ဂလိကကဏ္ဍ အသင်းများမှ ကိုယ်စားလှယ်များအနေဖြင့် ယနေ့ နေပြည်တော်တွင် နိုင်ငံတော် အစိုးရနှင့် တွေ့ဆုံကာ ဆက်လက်ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်လည်း တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ကမ္ဘာ့ပဲတင်ပို့မှု တတိယအများဆုံး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် ပဲမျိုးစုံ တင်ပို့မှု နှစ်စဉ် တန်ချိန် (၁၄) သိန်း နီးပါးရှိပြီး၊ အမေရိကန်ဒေါ်လာ (၁) ဘီလျံကျော် ဝင်ငွေရရှိကြောင်း၊ အဓိက တင်ပို့ပဲမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်း နဲ့ ပဲစင်းငုံ တို့မှာ အိန္ဒိယဈေးကွက်အပေါ် အဓိက အားထားနေရခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)