Connect with us

Local

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော ရန်ကုန်မြို့သစ်စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြစ်အနောက်ဖက်ကမ်းရှိမြေပေါ်တွင် တည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော New Yangon Development Company LTD (NYDC) ဖွဲ့စည်းထူထောင်ကြောင်း မိတ်ဆက်ခြင်းအခမ်းအနားကို မတ်လ ၃၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ LOTTE ဟိုတယ်တွင် ကျင်းပခဲ့သည်။

ရန်ကုန်မြို့သစ်သည် အလုပ်အကိုင် ၂ သန်း ဖော်ထုတ်ရန်ရည်ရွယ်ကြောင်း ၊ ရန်ကုန်မြို့သစ်ဖွံံံ့ဖြိုးရေးကုမ္ပဏီ လီမီတက်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရာနှုန်းပြည့်ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ကြောင်း၊ လုပ်ငန်း ပထမအဆင့် ၏ ကနဦးအခြေခံ အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံကျော် ကုန်ကျမည် ဟုခန့်မှန်းထားကြောင်း၊ တရားမျှတသော ယှဉ်ပြိုင်မှု၊ စွမ်းဆောင်ရည်ရှိမှု နှင့် ပွင့်လင်းမြင်သာမှုတို့ရှိရန် Swiss Challenge Model ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

NYDC ၏ ဒုတိယဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ (Mr. Serge Pun)အားတွေ့ရစဉ် (ဆင်ဟွာ)

NYDC ၏ လွတ်လပ်သည့် ဒါရိုက်တာဖြစ်သူ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဝန်ကြီးဟောင်း Mr.George Yeo အားတွေ့ရစဉ် (ဆင်ဟွာ)

လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး၊ NYDC ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နီလာကျော် အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့သစ်စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပသည့် အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့သစ်စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပသည့် အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့သစ်စီမံကိန်း မိတ်ဆက်ပွဲအခမ်းအနားကျင်းပသည့် အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်မြို့သစ်စီမံကိန်း နှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)

NYDC ကို အထူးကုမ္ပဏီအက်ဥပဒေဖြင့်ဖွဲ့စည့်တည်ထောင်ခဲ့ပြီး၊မြို့သစ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့် နှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံ လုပ်ငန်းသည် ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော် ကုန်ကျမည်ဟုမျှော်မှန်းထားကြောင်းဈ အဆိုပါ လုပ်ငန်းများတွင် မြို့နယ်အသေး၅ခု၊ တံတား ၂စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁၀ စတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးအဆောက်အအုံများ၊ ရေသန့် နှင့် ရေဆိုးထုတ်လုပ်သည့်စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က “ စက်မှုအခြေခံတည်ဆောက်ခြင်းသည် အလုပ်အကိုင်များ ဖန်တီးပေးမည်ဖြစ်ပြီး အဲဒီကတဆင့် အကျိုးကျေးဇူးများကို တခြားကဏ္ဍတွေကို တဖြည်းဖြည်းစီးဆင်းစေမှာဖြစ်ပါတယ်။ ရန်ကုန်မြို့မှာအလုပ်အကိုင် ၂ သန်း ဖန်တီးပေးပြီးဒေသခံ စီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးခြင်း နှင့် နိုင်ငံတကာမှ စီးပွားရေး ကုမ္ပဏီများကိုလည်း ဆွဲဆောင်နိုင်ဖို့မျှော်လင့်ပါတယ်။ ဒီစီမံကိန်းကနေ အခြေခံအဆောက်အဦး နဲ့ လူတန်းစားအားလုံးအတွက် တန်ဖိုးသင့်နေထိုင်စရာ များလည်း ပါဝင်မှာဖြစ်ပါတယ်’’ ဟုပြောသည်။

ရန်ကုန်မြို့ သည် နိုင်ငံ၏ စီးပွားရေးဗဟို အချက်အခြာဖြစ်နေပြီး နိုင်ငံ ၏ အမျိုးသား ဂျီဒီပီ ၂၆ ရာခိုင်နှုန်း ရှိသည့် ငွေကျပ် ၁၉.၃ ထရီလီယံ ထုတ်လုပ်ပေးနေကြောင်း၊ ရန်ကုန်မြို့ ၏ လူဦးရေသည် လာမည့် ၁၀ နှစ် တွင် ၁၀ သန်းအထိ ရောက်ရှိလာမည်ဟု ခန့်မှန်းထားပြီး၊ တိုးပွားလာသည့် လူဦးရေကြောင့် အလုပ်အကိုင်၊ လူနေအိမ် နှင့် အခြေခံအဆောက်အဦးအပါအဝင် သန့်ရှင်းသောရေဖြန့်ဖြူးပေးဝေရေး နှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာပေးနိုင်ရေးတို့အပေါ်တွင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာမည်ဖြစ်ကြောင်း သိရသည်။

NYDC ကို ဒါရိုက်တာ ဘုတ်အဖွဲ့မှ စီမံခန့်ခွဲမည်ဖြစ်ပြီး၊ ၎င်းသည် ယင်းကော်ပိုရေးရှင်း ၏ အမြင့်ဆုံးအာဏာပိုင် အဖွဲ့ဖြစ်ကြောင်း၊ ၎င်းဒါရိုက်တာဘုတ်အဖွဲ့တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် နိုင်ငံတကာမှ ဂုဏ်သတင်းကျော်ကြားသည့် လွတ်လပ်သော ဒါရိုက်တာများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

NYDC ၏ ဒုတိယဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးသိမ်းဝေ (Mr. Serge Pun) က “ကျွန်တော်တု့ိ ရဲ့ မြေယာစီမံခန့်ခွဲမှု၊ အလုပ်သမားမူဝါဒ ၊ ပညာရေးမူဝါဒ၊ အစိုးရ ၏ အုပ်ချုပ်ရေးလုပ်ထုံးလုပ်နည်း အဆင့်ဆင့်နဲ့ ဆက်စပ်တဲ့ စည်းမျဉ်းစည်းကမ်းများကို အစိုးရနဲ့ နီးကပ်စွာလုပ်ဆောင်သွားဖို့ မျှော်လင့်ရတဲ့အပြင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ၊ မိတ်ဖက်များ နဲ့လည်း လုပ်ငန်းများ အတူတူလုပ်ဆောင်သွားဖို့ မျှော်မှန်းပါတယ်’’ ဟုပြောသည်။

NYDC ၏ လွတ်လပ်သည့် ဒါရိုက်တာဖြစ်သူ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဝန်ကြီးဟောင်းဖြစ်သူ Mr.George Yeo က “ရန်ကုန်မြို့သစ်တည်ဆောက်ရေး အခြေခံကနဦးအခြေအနေမှစပြီး အစပြုရတဲ့ အတွက် အုပ်ချုပ်မှုအဖွဲ့အနေနဲ့ မြို့သစ်ကို လူမှုရေးသဟဇာတဖြစ်စေဖို့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ နေချင်စဖွယ် မြို့သစ်တစ်ခုဖြစ်ဖို့ စီးပွားရေးအောင်မြင်ဖြစ်ထွန်းစေဖို့ မြူနီစပါယ်အုပ်ချုပ်မှု ပုံစံသစ်များ နဲ့ စမ်းသပ်လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်။ဒီနည်းနဲ့ ရန်ကုန်မြို့ဟောင်း နဲ့ မြန်မာနိုင်ငံရဲ့ တခြားဒေသ များ နဲ့ ကိုက်ညီမှု ရှိတဲ့ စံနမူနာကောင်းများကို ဖော်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်’’ ဟုပြောကြားခဲ့သည်။

လျှပ်စစ်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး၊ NYDC ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်နီလာကျော် မှ “NYDC ဥက္ကဋ္ဌအဖြစ် အရွေးခံရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အပြောင်းအလဲကို လုပ်ဆောင်နိုင်မယ်လို့ မှတ်ယူမိပါတယ်။ စီမံကိန်းမှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်သွားပြီး၊ စီမံကိန်းအောင်မြင်အောင်စွမ်းဆောင်သွားမှာပါ’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.