Connect with us

Local

အာရှဖွံ့ဖြိုးရေး ဘဏ်မှ မြန်မာနိုင်ငံ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ချေးမည်

မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) တို့၏ ပုဂ္ဂလိက ကဏ္ဍ ဆိုင်ရာ မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် ADB ဒုတိယ ဥက္ကဌ စတီဗင် ဂရော့ဖ်တို့ လက်မှတ် ရေးထိုးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း အစိုးရ ပါဝင် ပတ်သတ်ခြင်း မရှိသော ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) မှ ၂၀၁၆ ခုနှစ် မကုန်မီအထိ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ထုတ်ချေးမည် ဖြစ်ကြောင်း ADB မှ မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) တို့သည် ပုဂ္ဂလိက ကဏ္ဍ ဆိုင်ရာ မူဘောင် သဘောတူညီချက်ကို မေလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် ADB ဒုတိယ ဥက္ကဌ စတီဗင် ဂရော့ဖ်တို့ လက်မှတ်ရေးထိုး ခဲ့သည်။

ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ချိတ်ဆက်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေး ကဏ္ဍနှင့် ကုန်သွယ်ရေး ကဏ္ဍ၏ ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများအတွက် ပုဂ္ဂလိကသို့ တိုက်ရိုက် ထုတ်ချေးမည် ဖြစ်သည်။

မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) တို့၏ ပုဂ္ဂလိက ကဏ္ဍ ဆိုင်ရာ မူဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးပွဲတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် ADB ဒုတိယ ဥက္ကဌ စတီဗင် ဂရော့ဖ်တို့ လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

‘‘အခြေခံ အဆောက်အအုံ ကဏ္ဍ ရင်းနှီးမြှုပ်နံှမှု လိုအပ်ချက်တွေနဲ့ အရေးပါတဲ့ နည်းပညာ ကျွမ်းကျင်မှုတွေကို ပံ့ပိုးနိုင်ဖို့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဟာ အလွန် အရေးပါတယ်’’ ဟု အာရှဖွံ့ဖြိုးရေး ဘဏ် ဒုတိယ ဥက္ကဋ္ဌ မစ္စတာ စတီဗင် ဂရော့ဖ် ကပြောကြားသည်။

မြန်မာနိုင်ငံတွင် မြင့်မားသော စီးပွားရေး တိုးတက်မှုနှုန်းကို ရရှိရန်နှင့် ၂၀၃၀ မတိုင်မီ ဝင်ငွေ အလယ်အလတ် နိုင်ငံအဆင့်ရှိရန် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်မှာ အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံ ရှိပြီဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေး ဘဏ်က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် ဈေးကွက်စီးပွားရေး စနစ်ကျင့်သုံးပြီး ချိန်မှစ၍ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုသည် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်ထိ အမေရိကန် ဒေါ်လာ ၅၄ ဘီလီယံကျော် ရှိသည်။ (Xinhua)