Local
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရှိလာဟု ဒုသမ္မတ ဆို
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂၀ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိလာပြီဖြစ်ကြောင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိခဲ့သဖြင့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်၏ ရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကို ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ပြည်ပကုန်သွယ်မှုအခြေအနေသည် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် မတ်လ ၂၃ ရက် အထိ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၅ ဘီလီယံကျော် ရှိခဲ့ပြီး ယခင် နှစ် အလားတူကာလထက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော် ပိုမိုဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါဆောင်ရွက်မှု၌ ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလီယံပါဝင်သည့်အတွက် ကုန်သွယ်မှုပမာဏတွင် ပုဂ္ဂလိကကဏ္ဍမှ ၈၂ ရာခိုင်နှုန်း အထိ ပါဝင်ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၁၆)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဧပြီ ၂ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကုန်စည်ဒိုင်၊ မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်တို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။(Xinhua)