Local
ပြည်တွင်းရေကြောင်းမှ ကွန်တိန်နာတင် ကုန်တင်သင်္ဘောများ ဒီဇင်ဘာလ၌ ပြေးဆွဲရန် စီစဉ်

ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနမှ ကွန်တိန်နာတင် ကုန်တင်သင်္ဘောများကို ဒီဇင်ဘာလတွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနထံမှ သိရသည်။
အဆိုပါ ဌာနအနေဖြင့် ကုန်စည်များကို ဈေးနှုန်းသက်သာပြီး တစ်ကြိမ်တည်းဖြင့် သယ်ယူနိုင်ရန် ကွန်တိန်နာတင် ကုန်တင်သင်္ဘောများကို ပြေးဆွဲရန်ဆောင်ရွက်နေပြီး လက်ရှိတွင် ကုန်တင်သင်္ဘောများ ကုန်စည်ပို့ဆောင်ပေးနိုင်ရန် သီလဝါဆိပ်ကမ်းနှင့် ညှိနှိုင်းလျက်ရှိကြောင်း၊ ဆိပ်ကမ်းမှ ကွန်တိန်နာများကို ရွှေပြည်သာဘက်ရှိ ရွှေမည်းဆိပ်ကမ်းသို့ ပို့ဆောင်ပေးရန်လည်း ဆောင်ရွက်နေကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြည်တွင်း၌ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းကို အသုံးပြု၍ ကုန်စည်များကို ပို့ဆောင်ပေးလျက် ရှိရာ ရေကြောင်းဖြင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းသည် ကုန်ကျစရိတ် သက်သာပြီး တစ်ကြိမ်တည်းဖြင့် ကုန်ပစ္စည်း အများအပြား သယ်ယူနိုင်မည်ဖြစ်သည်။(Xinhua)