Local
ဗဟိုဘဏ်က သံတမန်များ အနေဖြင့် နိုင်ငံခြား ငွေစာရင်းအား ပုဂ္ဂလိကဘဏ်များတွင် ဖွင့်လှစ်ခွင့်ပြုကြောင်း ကြေညာ
ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သံတမန်များ အတွက် နိုင်ငံခြား ငွေစာရင်း ဖွင့်ခွင့်အား ယခင်က မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) တွင် သာ ဖွင့်ခွင့်ပြုခဲ့ရာက နိုင်ငံခြားငွေ ရောင်းချခွင့် လုပ်ငန်းလိုင်စင် ရရှိသည့် ပုဂ္ဂလိက ဘဏ်များတွင်ပါ ဘဏ်စာရင်းဖွင့်ခွင့် ပြုလိုက်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ကြေညာချက် ထုတ်ပြန်သည်။
အစိုးရဌာနများ ၊ အစိုးရ အဖွဲ့အစည်းများ ၊ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများက အစုရှယ်ယာပါသော ဖက်စပ်အဖွဲ့အစည်းများ၏ နိုင်ငံခြားငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းများအား နိုင်ငံခြား သုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များနှင့် Semi Government ဘဏ်များတွင် ဖွင့်လှစ်ခွင့်မပြုပဲ ကန့်သတ်ထားရာမှ ညွှန်ကြားချက် ထုတ်ပြန်သည့် နေ့မှစ၍ ပယ်ဖျက်လိုက်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။
မြန်မာအရှေ့တိုင်းဘဏ်မှ ဥက္ကဋ္ဌ ဦးမြင့်သန်းက “ ဒါကကောင်းတဲ့ ခြေလှမ်းတစ်ခုလို့ မြင်ပါတယ်။ ပုဂ္ဂလိက ဘဏ်တွေ အနေနဲ့လည်း ငွေပေးချေမှုတွေ ပိုမို ကောင်းမွန်လာတယ်လို့ မြင်ပါတယ်’’ ဟုဆင်ဟွာကို ပြောသည်။
၎င်းကြေညာချက်အား မတ်လ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)