Local
မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်သည် တိုက်ခိုက်မှုများပြီးနောက် ဒေါ်လာ ၁သန်းနီးပါး ကုန်သွယ်နိုင်ခဲ့ဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ရှိ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်သည် လက်နက်ကိုင်အဖွဲ့ များနှင့် ထိတွေ့တိုက်ခိုက်မှုများပြီးနောက် နိုဝင်ဘာ ၂၅ ရက်က အမေရိကန် ဒေါ်လာ ၁သန်းနီးပါးခန့် ကုန်သွယ်နိုင်ခဲ့ကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်ထံမှ သိရသည်။
အဆိုပါ ကုန်သွယ်ရေးဇုန်အနေဖြင့် ကုန်သွယ်မှုပမာဏအားဖြင့် ဒေါ်လာ ၁၃ သန်းမှ ၁၅ သန်း ဝန်းကျင် အထိရရှိခဲ့သော်လည်း ယခု ထိတွေ့မှုများ ဖြစ်ပြီးနောက်ပိုင်း နိုဝင်ဘာ ၂၅ ရက်က ဒေါ်လာ ၁ သန်း နီးပါးခန့် အလုပ်လုပ်နိုင်ခဲ့သည်။
မူဆယ် ၁ဝ၅ မိုင်အတွင်း တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကုန်တင်ကုန်ချ အလုပ်သမားများ ခေတ္တခဏတိမ်းရှောင် သွားကြသော်လည်း နိုဝင်ဘာ ၂၅ ရက်မှ စပြီး အလုပ်သမားဦးရေ ၂ဝဝ ကျော်မှ ၅ဝဝ ကျော်အထိ ပြန်လည် ဝင်ရောက် လုပ်ကိုင်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်က လမ်းကြောင်း အခြေအနေ ပိုမိုကောင်းလာသည့် အတွက် ပို့ကုန်သွင်းကုန်ကားများ အတက်အဆင်းမှာ နိုဝင်ဘာ ၂၅ ရက် ထက်ပိုပြီး များလာကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက်မှစ၍ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းသို့ ကုန်တင်ယာဉ်များ အဝင်အထွက်များလာ သော်လည်း မြန်မာ့စီးပွားရေးဘဏ်နှင့် အခြား ပုဂ္ဂလိကဘဏ်များ ပိတ်ထားသည့်အတွက် ကုန်သည်များ ငွေလည်ပတ်မှု မရှိသလောက်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်လောက်တွင် ဘဏ်များ ပြန်လည် ဖွင့်လှစ်မည်ဟု သိရပြီး ငွေလည်ပတ် မှုရှိလာမည်ဖြစ်၍ ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်အတွင်း ကုန်စည်စီးဆင်း မှု ပိုမိုများလာနိုင်ကြောင်း သိရသည်။
မူဆယ်၊ ကွတ်ခိုင်၊ လားရှိုး လမ်းကြောင်း အထိုက်အလျောက် ပြန်လည်ပွင့်သွားခြင်း ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်ကြီး ပတ်လည်၌ တပ်မတော်စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ က အတွင်း အပြင် လုံခြုံရေးတာဝန် ယူ ဆောင်ရွက်ထားခြင်းတို့ကြောင့် ကုန်သွယ်ရေးဇုန်ကြီးကို ပြန်လည် ဖွင့်လှစ်နိုင်ပြီး လုပ်ငန်းများ ပုံမှန် လည်ပတ်နေပြီဖြစ်ကြောင်း သိရ သည်။(Xinhua)