Local
ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၁ဝဝဝ အနက် ကမ္ဘောဇဘဏ် လီမိတက်က ပထမနေရာ၌ လေးနှစ်ဆက် ရရှိ

ရန်ကုန်၊မတ်၂၁ ရက် (ဆင်ဟွာ)
ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၁ဝဝဝ အနက် ငါးဆယ်၏ အမည်စာရင်း ထုတ်ပြန်ရာတွင် ကမ္ဘောဇဘဏ် လီမိတက်က ပထမနေရာ၌ လေးနှစ်ဆက် ရရှိခဲ့ကြောင်း irdmyanmar.gov.mm တွင် ထုတ်ပြန်သည့် စာရင်းအရသိရသည်။
၂ဝ၁၄-၂ဝ၁၅ ခုနှစ် အခွန် စည်းကြပ်နှစ်အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင်ဦးရေ ၁ဝဝဝ အနက် ဦးရေ ၅ဝ ၏ အမည်စာရင်းကို ပြည်တွင်း အခွန်များ ဦးစီးဌာနက မတ်လ ၁၈ ရက်တွင် ထုတ်ပြန် ကြေညာရာ ကမ္ဘောဇဘဏ် လီမိတက်သည် ဝင်ငွေခွန်ငွေကျပ် ၂၂ ဘီလီယံ ကျော်ကို ပေးဆောင်ခဲ့ပြီး ဝင်ငွေခွန် အများဆုံး ပေးဆောင်သူ ပထမနေရာကို လေးနှစ်ဆက် ရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကမ္ဘောဇဘဏ် လီမိတက် အနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ် အခွန် စည်းကြပ်နှစ် အတွက်ငွေကျပ် ၂၃ ဘီလီယံ ပေးသွင်းပြီး ဖြစ်ကြောင်း သိရသည်။
ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၂ဝ၁၄-၂ဝ၁၅ စည်းကြပ်နှစ် အတွက် ကုန်သွယ် လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင်ဦးရေ ၁ဝဝဝ အနက် ဦးရေ ၅ဝ ၏ စာရင်းကို ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။ ကျန် လုပ်ငန်းရှင် ဦးရေ ၉၅ဝ စာရင်းနှင့် မတ် ၃၁ ရက် နောက်ပိုင်းတွင် ကျသင့်အခွန်များ ကျေလည်အောင် ထမ်းဆောင်ခဲ့ သည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များ စာရင်းကို ပြည်တွင်း အခွန်များ ဦးစီးဌာန ဝက်ဘ်ဆိုက် ဖြစ်သည့် irdmyanmar.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။ (Xinhua)