Local
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ (၃၄,၉၈၀) သန်း ဆောင်ရွက်နိုင်

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ယာယီ) မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၁၆,၉၂၀) သန်း နှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၁၈,၀၆၀) သန်း ရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃၄,၉၈၀) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် အမေရိကန် ဒေါ်လာ (၁၅,၃၀၀) သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ (၁၅,၈၀၀) သန်းနှင့် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၃၁၁၀၀) သန်း ဖြစ်သဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၁၁) ရာခိုင်နှုန်း၊ သွင်းကုန် (၁၁၄) ရာခိုင်နှုန်းနှင့် ကုန်သွယ်မှု ပမာဏ (၁၁၂) ရာခိုင်နှုန်း ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်အုပ်စုအလိုက် တင်ပို့မှုအနေဖြင့် လယ်ယာထွက်အုပ်စု တွင် ဒေါ်လာ (၃၂၆၁) သန်း၊ တိရစ္ဆာန်ထွက်အုပ်စု တွင် ဒေါ်လာ (၃၆၆) သန်း၊ ရေထွက်ကုန်ပစ္စည်းအုပ်စုတွင် ဒေါ်လာ (၇၃၂) သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင် ဒေါ်လာ (၁,၄၆၅) သန်း၊ သစ်တောထွက်ပစ္စည်းအုပ်စုတွင် ဒေါ်လာ(၁၇၅) သန်း၊ စက်မှုကုန်ချော အုပ်စုတွင် ဒေါ်လာ (၁၀,၁၅၄) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် ဒေါ်လာ (၇၆၆) သန်း အသီးသီးတင်ပို့နိုင်ခဲ့ပြီး အဓိက ပို့ကုန် ပစ္စည်းများ ဖြစ်သည့် ပဲမျိုးစုံများ၊ ရေထွက်၊ တိရစ္ဆာန်ထွက် အုပ်စုများအပြင် CMP အထည်ချုပ် ပစ္စည်းများအား ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်ခဲ့သော်လည်း ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် ယခင်နှစ် ကာလတူထက် လျော့နည်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သွင်းကုန်အုပ်စုလိုက်တင်သွင်းမှုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းအုပ်စု တွင် ဒေါ်လာ (၅,၇၄၀) သန်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းအုပ်စုတွင် ဒေါ်လာ (၆,၆၅၃) သန်း၊ လူသုံးကုန် ပစ္စည်း အုပ်စုတွင် (၃,၂၉၄) သန်းနှင့် CMP ပစ္စည်းများ (၂,၃၇၁) သန်း အသီးသီး တင်သွင်းနိုင်ခဲ့ပြီး CMP ပစ္စည်းတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် ပိုမိုခဲ့သော်လည်း အခြားသွင်းကုန်အုပ်စုများ တင်သွင်းမှုသည် ယခင်နှစ် ကာလတူထက် လျော့နည်းခဲ့ကြောင်း ပြန်ကြား ရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)