Connect with us

Local

တစ်နှစ်တာ ကာလ အတွင်း တရားမဝင်ကုန်ပစ္စည်း ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီး နိုင်ခဲ့ဟုဆို

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အကြိမ် (၃၀)မြောက် ပုံမှန် တွေ့ဆုံပွဲ ကျင်းပစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

တရားမဝင်ကုန်ပစ္စည်းများကို တားဆီး ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ ခုတွင် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာ လ မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးအရေးယူမှု (၉၇၄) ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြား ခဲ့သည်။

နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင်ကုန် ပစ္စည်းများကို တားဆီးထိန်းချုပ်ပေးရန် တင်ပြလာမှုအပေါ် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် ထိုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းများအား ဆောင်ရွက်ခဲ့ခြင်းများ ဖြစ်ကြောင်း သိရသည်။

ယခုအခါ “တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင် ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အညွှန်းကိန်းများ အပေါ် အခြေခံပြီး လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ ၊ အထူး လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းရေးနှင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး မဟာဗျူဟာ ရေးဆွဲနိုင်ရေး ဆောင်ရွက် လျက်ရှိနေပြီ ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက အောက်တိုဘာ ၁၉ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ အကြိမ် (၃၀)မြောက် ပုံမှန် တွေ့ဆုံပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ကုန်သွယ်ရေး ကဏ္ဍတွင် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၅၃ ဘီလီယံ ၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ် တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၉၈ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် လျာထားချက်ထက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇၉ ဘီလီယံ ပိုမို ဆောင်ရွက် နိုင်ခဲ့ကြောင်း ၊ အဆိုပါ ကုန်သွယ်မှု ပမာဏတွင် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၃၀၉ ဘီလီယံ ပါဝင်သည့်အတွက် ၈၄ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း  ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။(Xinhua)