Connect with us

Local

COVID-19 ထိခိုက်မှု ကုစားရန် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအား ကျပ် ၁၇ ဘီလီယံကျော် ထုတ်ချေး

အစိုးရ၏ စတုတ္ထတစ်နှစ်တာ ဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အစီအစဉ်များကြောင့် လုပ်ငန်းများ ရပ်ဆိုင်း ထိခိုက်ခဲ့သည့် ဟိုတယ်များနှင့် ခရီးသွား လုပ်ငန်းများအား ပြန်လည် ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော် အစိုးရက COVID-19 ချေးငွေ အဖြစ် ချေးငွေများ ထုတ်ချေးခဲ့ရာ ဇွန်လ ၁၆ ရက်နေ့အထိ ကျပ် ၁၇ ဘီလီယံကျော် ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်လတ်က ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ဟိုတယ်နဲ့ တည်းခိုရိပ်သာ စုစုပေါင်း ၃၄၅ လုံး၊ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်သော စားသောက် ဆိုင် လုပ်ငန်းတွေ၊ လက်ဆောင်ပစ္စည်း အရောင်းဆိုင်တွေ၊ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းတွေ ၂၁၁ ခု၊ စုစုပေါင်း ၅၅၆ ခုအတွက် မနေ့က အထိ ခြောက်ကြိမ် ထုတ်ပေးခဲ့ရာမှာ ကျပ်ငွေ စုစုပေါင်း ၁၇ ဘီလီယံကျော် ရှိပါပြီ” ဟု ၎င်းက ပြောခဲ့သည်။

တစ်နိုင်ငံလုံးရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ SME များ အပါအဝင် အထည်ချုပ် စက်ရုံကဲ့သို့ ဦးစားပေး လုပ်ငန်းများအား နိုင်ငံတော် အစိုးရက အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ထုတ်ချေးခဲ့ရာ ဇွန်လ ၁၆ ရက်နေ့ အထိ ထုတ်ချေးငွေ ပမာဏမှာ ကျပ် ၈၉ ဘီလီယံ ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း၏ ဧည့်သည် ဝင်ရောက်မှုမှာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ ပေးပို့သော စာရင်းများအရ ပြီးခဲ့သည့် ကာလတူ (၂၀၁၉ ဇန်ဝါရီကာလမှ မေလ အထိ)ဝင်ရောက်ခဲ့မှုနှင့် ယခု ၂၀၂၀ ဇန်နဝါရီမှ မေလ အထိ ဝင်ရောက်မှုတို့ နှိုင်းယှဉ်ပါက ၅၅ ရာခိုင် နှုန်း လျော့နည်းခဲ့ကြောင်း၊ ဝင်ငွေရရှိမှုသည်လည်း ၂၀၁၉ စာရင်းများအရ နိုင်ငံတကာ လေကြောင်း လိုင်းမှ ရရှိသည့် ဝင်ငွေ၊ ပြည်တွင်း သယ်ယူ ပို့ဆောင်ရေး၊ အစားအသောက်နှင့် အဖျော်ယမကာ၊ တည်းခိုနေထိုင်ရေး၊ ဖျော်ဖြေရေးလုပ်ငန်း ၊ ဈေးဝယ်လုပ်ငန်း စသည့် တို့မှ ဝင်ငွေများကို ယခင်နှစ် ကာလတူ အချိန်နှင့် နှိုင်းယှဉ်ပါက ၅၃ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း၊ ၂၀၁၉ ဇန်နဝါရီမှ မေလ အထိ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၀၈၅ သန်းခန့် ရရှိခဲ့ပြီး ယခု ၂၀၂၀ ဇန်နဝါရီမှ မေလ အထိ အမေရိကန်ဒေါ်လာ ၅၃ဒသမ ၂၂၃ သန်းသာ ရရှိခဲ့ကြောင်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၏ ဝန်ထမ်းအရေအတွက်မှာလည်း ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့ရာ ယခင် ကိုးသောင်းကျော် ရှိခဲ့ရာမှ ယခု ၆၉, ၀၀၀ခန့်သာ ကျန်ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၄၉ ရာခိုင်နှုန်းခန့်မှာ ရပ်နားထားရကြောင်း၊ နိုင်ငံခြား ဧည့်သည်များကို မှီခို ငှားယမ်းရသည့် ကားအငှား လုပ်ငန်းများသည် လည်း ၁၇ ရာခိုင်နှုန်းခန့် လျော့ကျခဲ့ကြောင်း၊ ဟိုတယ်များအား မေလ ၃ ရက်နေ့တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ စည်းကမ်းချက်များနှင့် အညီ ပြန်ဖွင့်ရန် လမ်းညွှန်ထားကြောင်း၊  ပြည်တွင်း အဝေးပြေးယာဉ်လိုင်းများ ပြန်ဖွင့်ပြီ ဖြစ်သော်လည်း လေကြောင်းလိုင်းများ မဖွင့်သေး ကြောင်း၊ လိုင်းများ အားလုံး ပြန်ဖွင့်သည့်တိုင် ခရီးသည်များ ယခင်ကဲ့သို့ ရရှိရန် မဖြစ်နိုင်သေး ကြောင်း၊ ခရီးသည်များ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု၊ သွားလာနေထိုင်ရေးအပေါ် ယုံကြည် စိတ်ချ မှု များကို ပြန်လည် တည်ဆောက်နိုင်မှသာ ပြည်တွင်း ပြည်ပ ဧည့်သည်များ ရရှိနိုင်မည် ဖြစ်ကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.