Local
Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်း ၁၀ခုအား ထပ်မံတွေ့ရှိ
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
တပ်မတော် သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8၏ ကျန်ရှိနေသော လေယာဉ်အစိတ်အပိုင်းများအား ဇူလိုင်လ ၃၁ရက်နေ့ မွန်းလွဲပိုင်းတွင် ထပ်မံရှာဖွေတွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ပျက်ကျ လေယာဉ်အပိုင်းအစများအား ဆိုနာစနစ်ဖြင့် ရှာဖွေရရှိရာ ရှာဖွေတွေ့ရှိသော ပုံရိပ်များအပေါ်မူတည်၍ လေယာဉ်အမြီးပိုင်းရှာဖွေ တွေ့ရှိခဲ့သည့် နေရာအနီးတစ်ဝိုက်၌ ဒေသခံငါးဖမ်းစက်လှေ ၂ စီးက ငါးဖမ်းပိုက်များဖြင့် တရွတ်ဆွဲရှာဖွေရာ လေယာဉ်တာယာဘီး ၁ လုံး အပါအဝင်ကိုယ်ထည်အစိတ်အပိုင်း ၁၀ ခုအား ထပ်မံရှာဖွေတွေ့ရှိဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
ပျက်ကျ Y-8 လေယာဉ်၏ ကျန်ရှိသေးသည့် လေယာဉ်အစိတ်အပိုင်း များအား ထပ်မံ ရှာဖွေတွေ့ရှိစေရေး တပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် ဒေသခံငါးဖမ်းစက်လှေများ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 F 200 W အမျိုးအစား၊ လေယာဉ် အမှတ်-၅၈၂၀) သည် ဇွန် ၇ ရက်တွင် မြိတ်မှ ရန်ကုန်သို့ ပျံသန်းစဉ် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် ပျက်ကျခဲ့ပြီး အဆိုပါလေယာဉ်နှင့်လိုက်ပါလာသော လူ၁၀၀ကျော် သေဆုံးခဲ့သည်။ (Xinhua)