Connect with us

Business

မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့သည့်ကုမ္ပဏီ (၂၅) ခုကို ပိုးသတ်ဆေး ဓာတ်ကြွင်းပမာဏ ပါဝင်မှု များပြားခြင်းကြောင့် တင်ပို့ခွင့်ယာယီရပ်ဆိုင်းထားမှုအား တရုတ်နိုင်ငံဘက်မှဖြေလျှော့ပေးမည်

ပဲတီစိမ်းများအားတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့သည့်ကုမ္ပဏီ (၂၅) ခုကို ပိုးသတ်ဆေး ဓာတ်ကြွင်းပမာဏ ပါဝင်မှု များပြားခြင်းကြောင့် တင်ပို့ခွင့် ယာယီရပ်ဆိုင်းထားခြင်းကို တရုတ်နိုင်ငံဘက်က ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၏ အကြံပေးပုဂ္ဂိုလ် ဦးစိုးဝင်းမောင်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ဦးစိုးဝင်းမောင်က “ယာယီရပ်ဆိုင်းတာကတော့ ပိုးသတ်ဆေးဓာတ်ကြွင်းပါတာတွေကို စစ်ဆေးတွေ့ရှိလို့ပါ။ ဒါတွေက နိုင်ငံတကာမှာလည်း ရှိပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနက GACC အစည်းအဝေးတစ်ခုမှာ တက်ရင်းနဲ့ ဆွေးနွေးတဲ့အတွက် ဒါတွေကို တရုတ်နိုင်ငံဘက်က ဖြေလျှော့ပေးမယ်လို့ပြောခဲ့တာပါ။ ဘယ်တော့ စတင်မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး” ဟု ပြောသည်။
၂၀၂၅ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံမှ တင်ပို့သည့် ပဲတီစိမ်းတွင် ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏ ပါဝင်မှု များပြားခြင်းကြောင့် ကုမ္ပဏီအချို့၏ ပဲတီစိမ်းတန်ချိန် တစ်သောင်းကျော်ကို မြန်မာနိုင်ငံကို ပြန်လည်တင်ပို့ခဲ့ကာ တင်ပို့ခွင့်ကိုလည်း ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပဲတီစိမ်းက တခြားပဲတွေနဲ့ မတူတာက တောက်လျှောက် ထွက်နေတာပါ။ တောက်လျှောက်ပြည်ပကို တင်ပို့နိုင်တဲ့ အခြေအနေမျိုးရှိတာပေ့ါ။ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှုကို‌ လျှော့ချဖို့ အသင်းဘက်က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ပေါင်းပြီး စိုက်ပျိုးဦးစီးဌာနဘက်က ပညာရှင်တွေရှိတော့ တိုးချဲ့ ပညာပေးတာတွေကို တောင်သူတွေရော၊ ဝန်ထမ်းတွေရော သင်တန်းပေးတာတွေ၊ ပညာပေးတာတွေမှာ အသင်းဘက်က ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ပိုးသတ်ဆေးဓာတ်ကြွင်းပမာဏ ပါဝင်မှုများတာဟာ ပိုးသတ်ဆေး ဥပဒေအရ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို အတိအကျ လိုက်နာရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။
“အခုလိုဖြေလျှော့ပေးတဲ့အတွက် တိုင်းပြည်အတွက်ရော၊ တင်ပို့သူတွေအတွက်ရော၊ တောင်သူတွေအတွက်ရော အရမ်းအကျိုးရှိပါတယ်။ တောင်သူတွေကတော့ စိုက်ပျိုးထုတ်လုပ်တဲ့အခါ ဘယ်ပဲမဆိုပေ့ါ။ ဘယ်ဈေးကွက်အတွက်မဆို သတ်မှတ်ချက် ဓာတ်ကြွင်းပါဝင်မှုကို အထူးသတိထားပြီး စံချိန်စံညွှန်းမီအောင် စိုက်ပျိုးထုတ်လုပ် တင်ပို့သင့်ပါတယ်” ဟု ဦးစိုးဝင်းမောင်က ပြောကြားခဲ့သည်။ (Xinhua)