Business
မြန်မာနိုင်ငံ နေပြည်တော်တွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ နေပြည်တော်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကကျောရိုးဖြစ်သည့် MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံသားတို့၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှ ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များကို လျှော့ချရေးနှင့် သွင်းကုန်အစားထိုးထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းစီးပွားရေး ကောင်းမွန်လာစေပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများလာစေရန်၊ ဒေသအလိုက် ဒေသတစ်ခုထုတ်ကုန်တစ်ခု (OROP) အစီအစဉ်များအောင်မြင်ရေးအတွက် အားပေးမြှင့်တင်ရန်၊ MSME များနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် MSME ထုတ်ကုန်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာပြခန်းများ၊ လယ်ယာသုံးစက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး လျှပ်စစ်သုံးမော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ အထည်ချုပ်ပြခန်းများ၊ ကုမ္ပဏီပြခန်းများ အပါအဝင် စုစုပေါင်း ပြခန်းပေါင်း ၁၂၀ ကျော်အား ပြသရောင်းချလျက်ရှိကြောင်းနှင့် ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား ဖေဖော်ဝါရီ ၁၃ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
