Business
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကျင်းပ
ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း ဇန်နဝါရီ ၂ ရက်ထုတ် နိုင်ငံပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြချက်အရ သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ၊ MSME ထုတ်ကုန်များ ပြသရောင်းချပွဲများကို (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလမှ (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအထိ ဈေးရောင်းပွဲတော်များကို (၁၇) ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအပြင် ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှလည်း လာရောက်ပါဝင်ပြသရောင်းချခဲ့ကြတဲ့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချင်းချင်းလုပ်ငန်းများလည်း ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြောင်း ဦးမျိုးမြင့်အောင်က ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် MSMEလုပ်ငန်းရှင်များအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေများကို သိရှိနိုင်စေရန်Talk Show အစီအစဉ်များ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများပါဝင်ပြီး ဆိုင်ခန်းပေါင်း (၃၅၀) ခန်း ကျော်ဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ထုတ်ကုန်များကို ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး မိမိထုတ် ကုန်ပစ္စည်းများကို ကောင်းသောယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့် အမယ်သစ် အရည်အသွေးကောင်းထုတ်ကုန်ပစ္စည်းများဖြစ်ပေါ်စေပြီး MSME လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့ကိုပါ ရည်မျှော်ရှေးရှုလျက် စီမံဆောင်ရွက်ထားရှိသည့် ပွဲတော်ကြီးဖြစ်ပါကြောင်း ဦးမျိုးမြင့်အောင်က ဖြည့်စွက်ပြောကြားခဲ့သည်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအား မြန်မာနိုင်ငံ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁ဝ) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
