Business
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲကျင်းပ
ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)
အာဆီယံနိုင်ငံများဆိုင်ရာ ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုဆွေးနွေးပွဲကို မတ်လ ၁၃ ရက်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ မတ်လ ၁၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ရိုးရာအထည်ဒီဇိုင်းများထိန်းသိမ်းရေးနှင့် မြှင့်တင်ရေးစီမံခန့်ခွဲမှုသည် ယနေ့ခေတ်အခြေအနေများတွင် အထူးအရေးပါသော အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အလျင်အမြန်တိုးတက်လာသော နည်းပညာခေတ်နှင့် စက်မှုထုတ်လုပ်မှုများတိုးတက်လာသည့်အချိန်တွင် ရိုးရာဒီဇိုင်းရေးဆွဲခြင်းနှင့် လက်ဖြင့်ရက်လုပ်ခြင်းကဲ့သို့သော လုပ်ငန်းကျွမ်းကျင်မှုများ ပျောက်ကွယ်သွားနိုင်သည့်အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ဒုတိယဝန်ကြီးကပြောသည်။
အဆိုပါ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်နိုင်ခြင်းမှာ အာဆီယံနိုင်ငံများ၏ အရေးပါသည့် မျက်နှာစုံညီပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၏ ကိုယ်စားပြု စာတမ်းများကို မျှဝေတင်ပြနိုင်ပြီး အကောင်းဆုံးအတွေ့အကြုံများကို ဖလှယ်ဆွေးနွေးနိုင်သည့်အပြင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ကြုံတွေ့ရသောအခက်အခဲများကိုလည်း အတူတကွဆွေးနွေး အဖြေရှာနိုင်ကြမည်ဖြစ်ကြောင်း၊ ရက်ကန်းလုပ်ငန်းများသည် လူမှုအသိုင်းအဝိုင်းများအတွက် ဂုဏ်ယူစရာသာမက အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများဖြစ်လာစေရန်လည်း အထောက်အကူဖြစ်စေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စာတမ်းရှင်များက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာအထည်ဒီဇိုင်းများနှင့်စပ်လျဉ်း၍ ထိန်းသိမ်းရေး၊ မြှင့်တင်ရေးစီမံခန့်ခွဲမှုဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)
