Connect with us

Business

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်လမ်းပေါင်း ၅,၀၀၀ ကျော်ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၃၅ ခု ခွင့်ပြု

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်လမ်းပေါင်း ၅,၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၃၅ ခု ခွင့်ပြုပေးခဲ့ကြောင်း မတ် ၁၆ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာအရ သိရသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပသော အစည်းအဝေးတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ် ၄ ခုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၃၁ ခုကို အတည်ပြုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁.၀၀၃ သန်းနှင့် ကျပ်ငွေ ၁၉၅၅.၅၂၆ ဘီလီယံကျော် ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လုပ်ငန်းသုံး မော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကိုင်ဖုန်းအမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆိုလာပြားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေးအစာထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများအပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးနိုင်မည့် အထည်ချုပ်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။  (Xinhua)