Culture & Entertainment
ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါအား ကျန်းမာရေးအခြေအနေအရ လှောင်အိမ်ထဲမှာပင် ညင်သာစွာ ဇီဝိန်ခြွေပေးခဲ့ရ

ဟောင်ကောင်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
ကမ္ဘာ့ အသက်အကြီးဆုံး ပန်ဒါ Jia Jia သည် လွန်ခဲ့သော ရက်သတ္တပတ် နှစ်ပတ်အတွင်း ၎င်း၏ ကျန်းမာရေး အခြေအနေ လွန်စွာ ဆိုးဝါးလာသည့်အတွက် အောက်တိုဘာလ ၁၆ ရက်က ဟောင်ကောင် Ocean ပန်းခြံ ရှိ ၎င်း၏ လှောင်အိမ်အတွင်းမှာပင် ဆေးထိုးကာ ညင်သာစွာ ဇီဝိန်ခြွေပေးခဲ့ရကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ် (လူ့သက်တမ်းအရ အသက် ၁၁၄ နှစ်အရွယ်ခန့်) ရှိပြီဖြစ်သည့် အဆိုပါ ပန်ဒါသည် တစ်နေ့လျှင် ၁၀ ကီလိုဂရမ် စားသုံးနေရာမှ ၃ ကီလိုဂရမ်သား စားနိုင်တော့ကြောင်း ယင်း ပန်းခြံ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောသည်။
Jia Jia သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက အစာ သို့မဟုတ် အရည် စားသောက်ချင်စိတ် မရှိကြောင်း၊ အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် လမ်းမလျှောက်နိုင်တော့ဘဲ အခြေအနေ ပိုဆိုးလာခဲ့ကြောင်း သိရသည်။
၎င်းအား ရောဂါဝေဒနာ ခံစားရခြင်းမှ သက်သာစေရန် ဟောင်ကောင် လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဋ္ဌာနနှင့် Ocean ပန်းခြံ တာဝန်ရှိသူများ၏ သဘောတူညီချက်ဖြင့် ညင်သာစွာ ဇီဝိန်ခြွေပေးခဲ့သည်။
Jia Jia သည် ဟောင်ကောင်တွင် ၁၇ နှစ် နေထိုင်ခဲ့ပြီး ဟောင်ကောင် ပြည်သူများနှင့် ကမ္ဘာတစ်ဝန်းမှ ခရီးသွားများအတွက် အံဖွယ် ဖျော်ဖြေပေးခဲ့ကြောင်း၊ Ocean ပန်းခြံ ဥက္ကဋ္ဌ လီယိုကွန်း လင်-ချန်းက ပြောသည်။
Jia Jia အား ၁၉၇၈ ခုနှစ်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ပန်ဒါအထီး အန်းအန်နှင့်အတူ ၁၉၉၉ ခုနှစ်တွင် တရုတ်နိုင်ငံက ဟောင်ကောင်သို့ လက်ဆောင်ပေးအပ်ခဲ့သည်။
Jia Jia သည် အသက်အရှည်ဆုံး ပန်ဒါအဖြစ် ကမ္ဘာ့ မှတ်တမ်းဝင်ခဲ့ပြီး ပန်ဒါသားပေါက် ၆ ကောင်အား မွေးဖွားပေးခဲ့သည်။ (Xinhua)