Culture & Entertainment
မင်းသားကြီး အာနိုးကို ရှေးဟောင်း ယဉ်ကျေးမှုကို မြှင့်တင်ပေးမည့် တရုတ် ရုပ်ရှင်တွင် မြင်တွေ့ရမည်

ချန်ဒူ၊အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် မင်းသားနှင့် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း အာနိုး (Arnold Schwarzenegger) အား တရုတ် ရုပ်ရှင် ဇာတ်ကား တစ်ကားဖြစ်သည့် “The Guest of Sanxingdui” ၌ မြင်တွေ့ရမည် ဖြစ်သည်။ အဆိုပါ ဇာတ်ကား၌ ၎င်းသည် ပျက်စီးခဲ့ပြီဖြစ်သည့် တရုတ် ရှေးဟောင်း ယဉ်ကျေးမှု Sanxingdui မတိုင်မီခေတ်၏ သံတမန်အဖြစ် သရုပ်ဆောင်ထားသည်။
ယင်း ရုပ်ရှင်သည် အရှေ့တိုင်း ယဉ်ကျေးမှုနှင့် ဟောလိဝုဒ် နည်းပညာ ပေါင်းစပ်ကာ ရိုက်ကူးထားသည့် 3D ဇာတ်ကား တစ်ကား ဖြစ်သည်။ ကနဦး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိပြီး ၂၀၁၇ ခုနှစ် မတ်လတွင် စတင်ရိုက်ကူးပြီး ၂၀၁၉ ခုနှစ်၌ ပြသနိုင်မည် ဖြစ်ကြောင်း ရုပ်ရှင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Beijing Ajimo က အောက်တိုဘာလ ၂၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သရုပ်ဆောင် အာနိုးက ယင်း ဇာတ်ကားအား ထုတ်လုပ်သူအဖြစ်လည်းကောင်း၊ ခေါင်းဆောင်မင်းသားအဖြစ် လည်းကောင်း ပါဝင်ထားပြီး Sanxingdui ယဉ်ကျေးမှုအား ကမ္ဘာ့ ပရိသတ်များထံ မိတ်ဆက်ပေးမည့် နိုင်ငံတကာ ဇာတ်လမ်းတစ်ပုဒ်အဖြစ် ဖန်တီးပေးမည် ဖြစ်သည်။
တရုတ်နိုင်ငံ အနောက်မြောက် စီချွမ်ပြည်နယ် ကွမ်ဟန်မြို့၌ တည်ရှိသည့် Sanxingdui အပျက်အစီးများသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ အကြာက ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည့် ရှူ (Shu) နိုင်ငံ၏ အကြွင်းအကျန်များဟု ယုံကြည်ထားကြသည်။ (Xinhua)