Economy
အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန အရာရှိ မှ တရုတ် နိုင်ငံ အနေဖြင့် စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှု များကို ကောင်းမွန်စွာ ရင်ဆိုင်နိုင်ကြောင်း ပြောကြား
ဝါရှင်တန် ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန နိုင်ငံတကာရေးရာ ဌာန လက်ထောက်ဝန်ကြီး Nathan Sheets က ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တရုတ် နိုင်ငံ၏ စီးပွားရေး သည် လက်ရှိချိန်တွင် အသွင်ကူးပြောင်းရေး ကာလ ၏ အရေးပါသည့် အချိန်ဖြစ်နေပြီး ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၊ သို့သော် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ထိုစိန်ခေါ်မှုများကို ရင်ဆိုင်ရန် နည်းလမ်း အပြည့်အစုံ ရှိကြောင်း ပြောကြား ခဲ့သည်။
Sheets က ဇန်နဝါရီ ၁၇ ရက်နေ့တွင် Carnegie Endowment for International Peace ဖောင်ဒေးရှင်း တွင် မိန့်ခွန်းပြောကြားရာတွင် တရုတ် နိုင်ငံသည် စီးပွားရေး အသွင်ကူးပြောင်းရာတွင် တွန်းအားပေး နိုင်သည့် ဆောင်ရွက်မှုများကို ဆောင်ရွက်နေပြီး ကုန်ပစ္စည်း တင်ပို့ခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း အပေါ် မှီခိုမှု ကိုလျှော့ချ နေကြောင်း ၊ ပြည်တွင်း ဈေးကွက်ကို ပိုမို အားပြုကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို တွန်းအားပေး ဆောင်ရွက်နေကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံသည် စီးပွားရေး ဆိုင်ရာ ကိန်းဂဏန်း နှင့် မူဝါဒ သတ်မှတ်ခြင်း ဆိုင်ရာများတွင် ပွင့်လင်းမြင်သာမှု နှင့် ကြိုတင်ခန့်မှန်း နိုင်မှု တို့ကို မြှင့်တင်ခြင်းဖြင့် နိုင်ငံခြားငွေ လဲလှယ်နှုန်း သဘောတူညီချက် စနစ် ပြုပြင်ပြောင်းလဲရေး ကို တွန်းအားပေး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
Sheets က တရုတ် နိုင်ငံ စီးပွားရေး သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အတွင်း တိုးတက်မှု များစွာ ရရှိခဲ့သော်လည်း ငွေကြေးကဏ္ဍ အားနည်းခြင်း နှင့် အခြား စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း ၊ တရုတ် နိုင်ငံ မှ ယခင် ဖြစ်ပွားခဲ့သည့် ငွေကြေးဆိုင်ရာ အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းပုံကို လေ့လာခြင်းအားဖြင့် တရုတ် နိုင်ငံ အစိုးရသည် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်သည့် ဆောင်ရွက်ချက် အပြည့်အစုံ ရှိသည်ကို သိရှိနိုင်ကြောင်း ၊ တရုတ် နိုင်ငံ၏ စီးပွားရေး သည် တစ်ရှိန်ထိုး ထိုးကျသည့် အဖြစ်မျိုး မဖြစ်ပွား နိုင်သည် ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
Nathan Sheets က မိမိ အနေဖြင့် တရုတ်-အမေရိကန် နှစ်နိုင်ငံ မှ အရည်အသွေး မြင့်မား သည့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် ကို ချုပ်ဆိုနိုင်ပါက တရုတ် နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကို တွန်းအား ပေးနိုင်သည့် အပြင် တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုအားကောင်းစေမည် ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။(Xinhua)