Economy
ထပ်တိုးနိုင်ငံခြောက်နိုင်ငံမှ အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်ထားမှုများကို AIIB ခွင့်ပြု
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ထပ်တိုးနိုင်ငံ ခြောက်နိုင်ငံမှ အဖွဲ့ဝင်ဖြစ်ခွင့်လျှောက်ထားမှုများအား အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုပေးလိုက်ကြောင်း၊ ယခုအခါ အဖွဲ့ဝင် စုစုပေါင်း ၉၃ အထိ နိုင်ငံရှိလာပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၉ ရက်တွင် ကြေညာခဲ့သည်။
အဖွဲ့ဝင်အဖြစ် ခွင့်ပြုလိုက်သည့်အဖွဲ့သစ်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဂါနာနိုင်ငံ၊ လစ်ဗျားနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ ဆာဗီးယားနိုင်ငံနှင့် တိုဂိုနိုင်ငံတို့ ပါဝင်သည်။
“သုံးနှစ်အတွင်းမှာ AIIB တည်ထောင်သူအဖွဲ့ဝင် ၅၇ နိုင်ငံကနေ ကမ္ဘာ့တိုက်ကြီးအားလုံးနီးပါးရှိ ၉၃ နိုင်ငံကို အဖွဲ့ဝင်အဖြစ် ခွင့်ပြုခဲ့ပါတယ်။ ဒါက နိုင်ငံတကာ ငွေကြေးအသိုက်အဝန်းမှာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ AIIB ရဲ့ အခန်းကဏ္ဍ ခိုင်မာစေဖို့ ဆိုတဲ့ ကျွန်တော်တို့အဖွဲ့ဝင်တွေရဲ့ ကတိကဝတ်ကို ပြသခြင်းလည်းဖြစ်တယ်” ဟု AIIB ဒုတိယဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်မှု အတွင်းရေးမှူး ဆာ ဒန်နီ အလက်ဇန်းဒါး (Sir Danny Alexander) က ပြောကြားခဲ့သည်။
“ဥရောပနဲ့ အာဖရိကမှာ ဘဏ်အဖွဲ့ဝင် တိုးပွားလာတာက ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု တိုးတက်လာခြင်းနဲ့ ဖွံ့ဖြိုးလာခြင်းရဲ့ ရောင်ပြန်ဟပ်တာပါပဲ။ အထူးသဖြင့် အာရှတိုက်နဲ့ အနောက်ပိုင်းမှာရှိတဲ့ ဈေးကွက်သစ်တွေမှာ ဝင်ရောက်မယ့် လမ်းကြောင်းဖွင့်ပေးတဲ့ ရေရှည်တည်တံ့တဲ့ အခြေခံအဆောက်အအုံကဏ္ဍတွေမှာပေါ့” ဟု ဆိုသည်။
အဖွဲ့ဝင်လောင်းများအနေဖြင့် လိုအပ်သော ပြည်တွင်းလုပ်ငန်းစဉ်များ ပြည့်စုံစွာဆောင်ရွက်ပြီး ဘဏ်သို့ ပထမဆုံး ရင်းနှီးမတည်ငွေ ပေးသွင်းပြီးပါက AIIB သို့ တရားဝင် ပါဝင်နိုင်မည် ဖြစ်သည်။ အဖွဲ့ဝင်သစ်များအား AIIB ၏ ရှိနှင့်ပြီးသား ရှယ်ယာခွဲဝေရေးအဖွဲ့မှ ရှယ်ယာများ ခွဲဝေသတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
လာမည့်အနာဂတ်တွင်လည်း အဖွဲ့ဝင်သစ်များ ဆက်လက်ဝင်ရောက်ရန် မျှော်လင့်ပါကြောင်း AIIB က ပြောကြားခဲ့သည်။ (Xinhua)