Economy
တရုတ် e-commerce ဖြစ်သည့် JD.com က ကျောင်းစု ပြည်နယ်ရှိ ကျေးလက်ဒေသများသို့ ဒရုန်းအသုံးပြု၍ ပစ္စည်းများ ပေးပို့မည်
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အွန်လိုင်းမှ လက်လီ ရောင်းချသော ကုမ္ပဏီ တစ်ခုဖြစ်သည့် JD.com သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျောင်းစု ပြည်နယ်ရှိ ကျေးလက် ဒေသများသို့ ပစ္စည်းများ ပို့ဆောင်ရာတွင် မောင်းသူမဲ့ယာဉ် (ဒရုန်း) အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဝန်ဆောင်မှု အား JD.com တည်ထောင်သူ လျိုချန်တုံး၏ မွေးရပ်မြေဖြစ်သည့် စုချန်းမြို့ ပတ်လည်တွင် ရရှိမည်ဖြစ်ပြီး ပို့ဆောင်ခကိုလည်း ပါဆယ် တစ်ထုပ်လျှင် တရုတ်ယွမ် ဝ.၅ယွမ် (အမေရိကန်ဒေါ်လာ ၇.၆ ဆင့်) ထက် နည်းအောင် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း JD.com ၏ ဒုတိယ ဥက္ကဋ္ဌ ရှောင်ချွင်းက ပြောကြား ခဲ့သည်။
ပို့ဆောင်ရန် ကုန်ပစ္စည်းများအား စုချန်းမြို့ ရှိ ချောင်ကျီး မြို့နယ်တွင် စုစည်း သိုလှောင်ကာ ဒရုန်း နှစ်စင်းဖြင့် တစ်ရက်လျှင် ပါဆယ်ထုပ် ၂၀၀ ပို့ဆောင်ပေးမည် ဖြစ်သည်။ ဒရုန်းတစ်စင်းလျှင် ပါဆယ်ထုပ် အလေးချိန် ၁၀ ကီလိုဂရမ်မှ ၁၅ ကီလိုဂရမ်အား တစ်နာရီလျှင် ၅၄ ကီလိုမီတာ နှုန်းဖြင့် ၁၅ ကီလိုမီတာ မှ ၂၀ ကီလိုမီတာ အကွာအဝေးအထိ ပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း ရှောင်က ပြောသည်။
အဆိုပါ ဒရုန်းများသည် ပစ္စည်းများအား အလိုအလျောက် အတင်အချ ပြုလုပ်နိုင်သည့်အပြင် မိုးပြင်း၊ လေပြင်း၌ လည်း တစ်နာရီလျှင် ၃၈.၅ ကီလိုမီတာနှုန်း သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
စုချန်းမြို့အနီးရှိ ကုန်ပစ္စည်း သိုလှောင်ရုံနှင့် ဆက်သွယ်ထားသည့် လေတိုက်နှုန်း အသင့်အတင့်ရှိသည့် တောင်ကြားလမ်းများတွင် လမ်းကြောင်းရှာဖွေရန် အချိန်ယူရသော်လည်း ဒရုန်းတစ်စီးသည် ၎င်း၏ ခရီးစဉ်အား ၂၀ မိနစ် မရောက်ခင် ပြီးစီးအောင် ဆောင်ရွက်နိုင်ကြောင်း ရှောင်က ပြောသည်။
ထိုဒေသရှိ အာဏာပိုင်များက ဒရုန်းပျံသန်းမှု ပိတ်ပင်ထားခြင်းကို ပယ်ဖျက်ပေးပါက အနာဂါတ်တွင် အဆိုပါ ဝန်ဆောင်မှုအား အခြား ကျေးလက် ဒေသများသို့ပါ ဖြန့်ကျက် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း ရှောင်က ပြောသည်။ (Xinhua)