Connect with us

Environment, Disasters & Accidents

ထျန်းကျင်း ဆိပ်ကမ်း ပုံမှန် ပြန်လည်ပတ်နိုင်သော်လည်း ရှာဖွေ စစ်ဆေးမှုများ ဆက်လုပ်သွားမည်

ကြီးမားသော ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထျန်းကျင်းဆိပ်ကမ်း အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

သြဂုတ်လ (၁၂) ရက် ဖြစ်ပွားခဲ့သော ကြီးမားသော ပေါက်ကွဲမှုကြောင့် ရပ်နားခဲ့ရသော တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်း ဆိပ်ကမ်း လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီ ဖြစ်ကြောင်း ဆိပ်ကမ်း အာဏာပိုင်က တနင်္လာနေ့တွင် ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဆိပ်ကမ်း လုပ်ငန်းများနှင့် သင်္ဘောများ သွားလာမှုများ ခေတ္တ ရပ်ဆိုင်းခဲ့ရသည်။ ပေါက်ကွဲမှုများ ဖြစ်ပြီး နောက်နေ့ နံနက်မှ စတင်၍ ရပ်နားထားရသော အဓိက သင်္ဘော လမ်းကြောင်းများ ပြန်ဖွင့်ခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာနှင့် နီးသော ဧရိယာမှအပ အခြား ဂိုဒေါင် ဧရိယာများ ဝန်းကျင်တွင် လုပ်ငန်းများလည်း ပုံမှန်အတိုင်း ပြန်လည် လုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။

တနင်္လာနေ့ နံနက် အစောပိုင်းကလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဘင်ဟိုင်း ဧရိယာသစ်တွင် အသေးစားပေါက်ကွဲမှု တစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။ ထျန်းကျင်း သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဗျူရို အင်ဂျင်နီယာချုပ် Bao Jingling က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာတွင် ဆိုဒီယံဆိုင်ယာနိုက် တန်ပေါင်း ၇၀၀ ခန့် မှာ မပေါက်ကွဲပဲ ကျန်ရှိနေခဲ့ကြောင်း ပြောကြားခဲ့သည်။

သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တာဝန် ရှိသူများကတော့ ပေါက်ကွဲမှု ဖြစ်ပွားရာ ဧရိယာအတွင်း နေရာ ၂၇ ခု၌ ရေ အရည်အသွေးအား စောင့်ကြည့် လေ့လာခဲ့ရာ သုံးနေရာတွင် ဆိုင်ယာ နိုက်အဆိပ် လွန်ကဲနေကြောင်း တွေ့ရသည်။မိုးလေဝသ ခန့်မှန်းချက်များအရ ထျန်းကျင်းမြို့တွင် တနင်္လာနေ့မှ အင်္ဂါနေ့ ညနေ အထိ မိုးရွာနိုင်ကြောင်း ခန့်မှန်းထားပါသည်။

ရာသီဥတုကြောင့် ဆိုင်ရာနိုက် ပျံ့နှံ့မှုကို ကာကွယ်ရန် အစီအစဉ် အကြမ်းဖျဉ်း ရေးဆွဲထားပြီး ဖြစ်ကြောင်း Bao ကပြောသည်။

ပေါက်ကွဲမှုကြီးကြောင့် သေဆုံးသူ အရေအတွက် မြင့်တက်လျက်ရှိပြီး လက်ရှိစာရင်းအရ သေဆုံးသူ ၁၁၄ ဦးရှိလာပြီး သေဆုံးသူ ၅၄ ဦးကိုတော့ မည်သူမည်ဝါ ဖြစ်ကြောင်း စုံစမ်း ဖော်ထုတ်နိုင်ခဲ့သလို ပျောက်ဆုံးသူ ၇၀ ဦးရှိနေဆဲ ဖြစ်ကြောင်း ထျန်းကျင်း သတင်းပြန်ကြားရေး ဋ္ဌာနမှ ဂေါင်ဂျန်ရှန် က တနင်္လာနေ့တွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ သေဆုံးသူများထဲမှ ၃၉ ဦးက မီးသတ်သမားများ ဖြစ်ပြီး ငါးဦးကတော့ ရဲများ ဖြစ်ကြောင်း သိရသည်။ တနင်္လာနေ့ အထိ စာရင်းများ အရ ဆေးရုံပေါ်တွင် လူနာပေါင်း ၆၉၈ ဦး တက်ရောက်နေ သည့်အထဲ၌ ၅၇ ဦးမှာ စိုးရိမ်ဖွယ် အနေအထားမှာ ရှိနေပြီး ၇၇ ဦးကတော့ ဆေးရုံက ဆင်းသွားပြီ ဖြစ်သည်။

ထျန်းကျင်းဆိပ်ကမ်းသည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၏ ဂိတ်ပေါက် တစ်ခုဖြစ်ပြီး ကားတင်သွင်းမှု၏ ၄၀ ရာခိုင်နှုန်း လုပ်ဆောင်ရာ နေရာလည်း ဖြစ်သည်။ ပေါက်ကွဲမှု ဖြစ်ပြီးနောက် ဆိပ်ကမ်းသို့ သံသတ္တုရိုင်း ပို့ဆောင်မှုများ ရပ်ဆိုင်းခဲ့ရသည်။ (Xinhua)