Politics, Law & Military
ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တရုတ်စစ်သည်၏ အရိုးပြာကို နေရပ်သို့သယ်ဆောင်လာ
ဇန်ဇူး၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
မာလီနိုင်ငံ၌ လွန်ခဲ့သော မေလတွင် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက် သေဆုံးသွားရသည့် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင် တရုတ်စစ်သည် တစ်ဦး၏ အရိုးပြာကို နေရပ်ဇာတိ တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန် (Henan) ပြည်နယ်သို့ ဇွန်လ ၁၃ ရက်က ပြန်လည် သယ်ဆောင်လာခဲ့ ကြောင်း သိရသည်။
မာလီနိုင်ငံ မြောက်ပိုင်း Gao မြို့ရှိ ကုလသမဂ္ဂရုံး အခြေစိုက်ခန်း၌ မေလ ၃၁ ရက် ဖြစ်ပွားခဲ့သော အသေခံ ကားဗုံးခွဲတိုက်ခိုက်မှုတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင် တရုတ်စစ်တပ်မှ တပ်ကြပ် Shen Liangliang သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
အခင်း ဖြစ်ပွားချိန်တွင် Shen သည် လုံခြုံရေး ကင်းလှည့်နေကြောင်း ၊ တိုက်ခိုက်မှုကြောင့် အခြားငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ငါးဦးလည်း ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။ ၎င်း၏ ရုပ်အလောင်းကို ဇွန်လ အစောပိုင်းက တရုတ်နိုင်ငံသို့စစ်လေယာဉ်ဖြင့် ပြန်လည် သယ်ဆောင်လာခဲ့သည်။
Shen ၏ အရိုးပြာ မြှုပ်နှံမည့် သင်္ချိုင်းသွားရာ လမ်းဘေးဝဲယာ တစ်လျှောက်တွင် အရိုသေပေးရန် ပြည်သူ ထောင်ပေါင်းများစွာ စောင့်ကြိုခဲ့ကြောင်း သိရသည်။ “ Shen ရဲ့သတ္တိက အံ့မခန်းပါပဲ။ တရုတ်စစ်သည် စ်ဦးရဲ့သူရဲကောင်း ဝိညာဉ်တွေ သူ့ကိုယ့်မှာ စီးဝင်နေတယ်” ဟု ပြည်နယ် ကွန်မြူနစ်ပါတီ ဒုတိယ အတွင်းရေးမှူး Deng Kai က အသုဘ အခမ်းအနားတွင် ချီးကျူးစကား ဆိုခဲ့သည်။
ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့တွင် တရုတ်နိုင်ငံမှ စစ်သားများသည် ၁၉၉ဝ ပြည့်နှစ်မှ စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး ကမ္ဘာတစ်လွှားရှိ စစ်ဆင်ရေး ၂၄ ခုတွင် တရုတ်စစ်တပ်အရာရှိ ၃၁,ဝဝဝ ကျော် သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိ စစ်ဆင်ရေး ၉ ခုတွင် တရုတ်စစ်တပ်အရာ ရှိ ၂,၈ဝဝ ဦးသည် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များ အဖြစ် သွားရောက် တာဝန်ထမ်းဆောင်နေကြောင်း၊ လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနက် အရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)