Politics, Law & Military
ယာယီခုံရုံး ဆုံးဖြတ်ချက် တရုတ်အစိုးရ လက်ခံနိုင်ဖွယ်မရှိဟု နယ်နိမိတ်နှင့် သမုဒ္ဒရာဆိုင်ရာဌာန ကျွမ်းကျင်သူ အကြီး အကဲပြော
စင်ကာပူ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူဟန်တက္ကသိုလ်မှ နယ်နိမိတ်နှင့် သမုဒ္ဒရာဆိုင်ရာဌာန(Institute of Boundary and Ocean Studies of Wuhan University) ကျွမ်းကျင်သူ အကြီးအကဲ Sienho Yee က တောင်တရုတ်ပင်လယ် အငြင်းပွားမှုနှင့် ပတ်သက်၍ ယာယီ ခုံရုံးအနေဖြင့် နိုင်ငံတကာ ဥပဒေ အခြေခံမူများနှင့် သတ်မှတ်ချက်များကို ချိုးဖောက်ခဲ့သောကြောင့် ၎င်း၏ စီရင်ချက်က ဘက်လိုက်မှုရှိကာ လက်ခံနိုင်မည် မဟုတ်ကြောင်း ဇူလိုင်လ ၁၈ ရက်က ပြောကြားခဲ့သည်။
Sienho Yee က ယာယီခုံရုံးက ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေသဘော တူညီချက် (UNCLOS) အချက်အလက်များအား မလိုက်နာဘဲ လှည့်ဖြားအကြောင်းပြ ပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းက ယာယီခုံရုံး အနေဖြင့် ဤကဲ့သို့ မှားယွင်းသော အကြောင်းပြ ပြောကြားမှုများ ပြုလုပ်ခဲ့ခြင်းက နိုင်ငံတကာဥပဒေ စည်းကမ်းများကို ကြီးမားစွာ ထိခိုက် ပျက်စီးစေကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ပြင် UNCLOS က ပြဌာန်းထားသော ကန့်သတ်ချက်များအား အလေးထားခြင်းနှင့် ထည့်သွင်း စဉ်းစားခြင်း မပြုခဲ့သည့်အပြင် သဘောတူညီချက်အရ တရုတ်နိုင်ငံက ရရှိသင့်သော အဆိုပြုချက်နှင့် အလေးထားချက်တို့ကိုလည်း လျစ်လျူရှုကာ တစ်ဖက် သတ်စီရင်မှုကိုသာ ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောခဲ့သည်။
Sienho Yee က “ယာယီခုံရုံးအနေနဲ့ လုပ်ပိုင်ခွင့်တွေကို အလွဲသုံးစားပြုလုပ်ပြီး ဆောင်ရွက်ခဲ့တော့ စီရင်ချက်ဟာလည်း တန်ဖိုးမရှိ၊ မမှန်ကန် ဖြစ်ရတာ ထင်ရှားလွန်းနေပါတယ်” ဟု တောင်တရုတ်ပင်လယ် နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံရေး၊ လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ ပညာရှင်များ ဆွေးနွေးပွဲ (Think Tank Seminar on South China Sea and Regional Cooperation and Development) တွင် ဆင်ဟွာ သတင်းဌာနသို့ ပြောခဲ့သည်။
၎င်းက ယာယီခုံရုံး၏ စီရင်ချက်သည် ယေဘုယျအားဖြင့် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ အနေဖြင့် လက်ခံနိုင်မည် မဟုတ်ကြောင်းကိုလည်း ပြောကြားသွားခဲ့သည်။ ဆက်လက်၍ Sienho Yee က “အခုအခါ ကမ္ဘာ့နိုင်ငံ အများအပြားက တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံလာကြပုံပေါ်ပြီး ယာယီခုံရုံးရဲ့ စီရင်ချက်ကို ယေဘုယျအားဖြင့် လက်မခံကြောင်း ပြောကြားလာကြခြင်းက စီရင်ချက်ဟာ တစ်ဖက်သတ် ဖြစ်တယ်ဆိုတာ ပြတာပါပဲ” ဟုလည်း ပြောကြားသွားခဲ့သည်။
တရုတ်အစိုးရက ယာယီခုံရုံံးသည် ဖိလစ်ပိုင်အစိုးရ၏ တောင်းဆိုချက်အရ ယာယီဖွဲ့စည်းတည်ထောင်ခဲ့သော ခုံရုံးသာ ဖြစ်ကြောင်းနှင့် ၎င်းအနေနှင့် ဤကဲ့သို့တစ်ဖက်သတ် ဆုံးဖြတ်စီရင်ပိုင်ခွင့် မရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။ Sienho Yee ကလည်း ယာယီခုံရုံးအနေနှင့် မည်သည့် နိုင်ငံကိုမဆို ၎င်း၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုအား အလေးထားရမည်ဖြစ်ရာ ဤကဲ့သို့ တစ်ဖက်သတ် ဆုံးဖြတ်၍ မရကြောင်း ပြောခဲ့သည်။ ၎င်းက “နိုင်ငံတကာ ဥပဒေစနစ် ရဲ့ ထိရောက်မှုနဲ့ တရားမျှတမှု အပြင် စည်းမျဉ်းစည်းကမ်းတွေကို ကြီးမားစွာ အန္တရာယ်ဖြစ်စေနိုင်မှုက ဘာလဲဆိုတာ ရှင်းရှင်းကြီးသိသာပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအန္တရာယ်ကို ကာကွယ်သွားရမှာပါ” ဟု နောက်ဆုံးပြောကြား သွားခဲ့သည်။ (Xinhua)