Connect with us

Politics, Law & Military

သမ္မတရှီကျင့်ဖိန်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်း အားဖုန်းဖြင့် နှုတ်ဆက်စကားဆို

ပေကျင်း ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးမှ အနားယူတော့မည့် မစ္စတာဘန်ကီမွန်းထံ အတွင်းရေးမှူးချုပ်အဖြစ် ၁ဝ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း တရုတ်-ကုလသမဂ္ဂ နှစ်ဖက်ဆက်ဆံရေးတိုးတက်ခိုင်မာစေရေး ၊ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အကျိုးတရားများစွာ ရရှိစေရေးတို့အတွက် ၎င်း၏ ပါဝင်လုပ်ဆောင်ချက်များအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဒီဇင်ဘာလ ၂၆ ရက်က တယ်လီဖုန်းဖြင့် ချီးကျူးစကားဆိုခဲ့ကြောင်း သိရသည်။

မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသည် ပြဿနာများ နှင့် စိန်ခေါ်မှုများဖြင့်ရင်ဆိုင်ကြုံတွေ့နေရပြီး ကုလမသဂ္ဂအဖွဲ့ကြီးအနေဖြင့် ပို၍ ကောင်းမွန်သော အခန်းကဏ္ဍမှ ပါဝင်ရန် နှင့် ကမ္ဘာ့အုပ်ချုပ်ရေးယန္တယားပိုမိုခိုင်မာလာစေရန် လိုအပ်ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။ထို့ပြင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့စဉ် မစ္စတာဘန်ကီမွန်းအနေဖြင့် ကုလသမဂ္ဂပဋိဉာဉ်စာတမ်း နှင့်အညီ စွမ်းဆောင်နိုင်ခဲ့ခြင်းအပေါ် မှတ်ကျောက်ပြုဂုဏ်ပြုပါကြောင်း သမ္မတရှီက ဆိုသည်။တရုတ်နိုင်ငံ နှင့် ကုလသမဂ္ဂအဖွဲ့ကြီးတို့အကြား ဆက်ဆံရေးအဆင့်အတန်းအသစ်တစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း နှင့် အထွေထွေအတွင်းရေးမှူးချုပ်သစ် ဂူတာရက်စ် နှင့် အနီးကပ်လက်တွဲ၍ ကုလသမဂ္ဂအဖွဲ့ကြီးနှင့် တရုတ်နိုင်ငံသည် လက်တွဲ၍ ရှေ့ဆက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်း ၅ နှစ်ကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အဆုံးသတ်တော့မည့် မစ္စတာ ဘန်ကီမွန်းက ၎င်းအတွင်းရေးမှူးချုပ်အဖြစ်တာဝန်ယူနေစဉ်ကာလအတွင်း တရုတ်နိုင်ငံ၏ အားပေးထောက်ခံမှုအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်ထံ ပြောကြားခဲ့သည်။ကုလသမဂ္ဂအဖွဲ့ကြီး၏ စဉ်ဆက်မပြတ်ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှု ၊ ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှု နှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် အဓိက ခေါင်းဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဘန်က ပြောကြားခဲ့သည်။ထို့ပြင် နိုင်ငံတကာတည်ငြိမ်အေးချမ်းရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံသည် ကုလသမဂ္ဂနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း ဘန်က ပြောကြားခဲ့သည်။ (Xinhua)