Politics, Law & Military
တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဟန်ဂေရီနိုင်ငံနှင့် ရုရှား နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားမည်
ပေကျင်း၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဟန်ဂေရီနိုင်ငံနှင့် ရုရှားနိုင်ငံသို့ နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၂ ရက်အထိ ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ် လီသည် ဟန်ဂေရီနိုင်ငံ၌ ရောက်ရှိနေစဉ်အတွင်း တရုတ်-ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) နိုင်ငံများ၏ အစိုးရ ခေါင်းဆောင်များ၏ ခြောက်ကြိမ်မြောက် အစည်းအဝေး၊ ရုရှားနိုင်ငံတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) ၏ အစိုးရ ခေါင်းဆောင်များ (ဝန်ကြီးချုပ်များ) ကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေး စသည်တို့ တက်ရောက်မည် ဖြစ်သည်။
လီသည် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Dmitry Medvedev တို့၏ ဖိတ်ကြားချက်ဖြင့် သွားရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက နိုဝင်ဘာလ ၂၀ ရက်တွင် ကြေညာခဲ့သည်။
တရုတ်-CEE ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးသည် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) နိုင်ငံ ၁၆ နိုင်ငံနှင့် တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တည်ထောင်သည့် ငါးနှစ်မြောက် နှစ်ပတ်လည်နှင့် တစ်ထပ်တည်းကျကြောင်း လီက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ စက်မှုဆိုင်ရာလုပ်ငန်းနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းများ စသည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိခဲ့ပြီ ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ယခုကျင်းပမည့် တရုတ်- CEE အစည်းအဝေးသည် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်း ချမှတ်ခြင်းနှင့် ယခင် အတွေ့အကြုံများအား အခြေခံကာ တက်လှမ်းမှုများ လုပ်ဆောင်ခြင်းနှင့် တရုတ်-ဥရောပ ဆက်ဆံရေးများ အဆင့်မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)