Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ကုန်း၊ ရေ နှစ်သွယ်သွား ကယ်ဆယ်ရေးလေယာဉ် ပင်လယ်ရေပြင်ပေါ်တွင် ပွဲဦးထွက်ပျံသန်းရန် အသင့်ဖြစ်

ခွန်းလုံဟု အမည်ဝှက်ပေးထားသည့် တရုတ်နိုင်ငံထုတ် AG600 ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ်အား ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၀ ရက်က စမ်းသပ်ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံတွင် တည်ဆောက်ထားသော ကမ္ဘာ့အကြီးဆုံး AG600 ကုန်း၊ ရေနှစ်သွယ်သွားလေယာဉ်သည် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ပထမဆုံးအကြိမ် ပင်လယ်ရေပြင်ပေါ်တွင် စမ်းသပ်ပျံသန်းမည်ဖြစ်ကြောင်း လေယာဉ်တည်ဆောက်ရေးကုမ္ပဏီက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ခွန်းလုံဟု အမည်ဝှက်ပေးထားသော အဆိုပါ လေယာဉ်ကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်သည်။ ၎င်းလေယာဉ်၏ ပထမဆုံး ပင်လယ်ရေမျက်နှာပြင်ပေါ် ပျံသန်းမှုကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် လေယာဉ်တည်ဆောက်ရေးဖြစ်သော တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ပြောခဲ့သည်။

၎င်းလေယာဉ် တည်ဆောက်မှုသည် တရုတ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကာကွယ် ထိန်းချုပ်ရေး အတွက် ကြီးမားသော ဆောင်ရွက်ချက်တစ်ခုလည်း ဖြစ်သည်။အဆိုပါ ကုန်း၊ ရေနှစ်သွယ်သွား လေယာဉ်အား မြန်နှုန်းမြင့်၊ ရာသီဉတုဒဏ်ခံ နိုင်ရန် ပုံစံထုတ်ထားခြင်းဖြစ်ပြီး တောမီးငြှိမ်းသတ်ခြင်း၊ ရေပြင်ကယ်ဆယ်ရေးနှင့် ပင်လယ်ရေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ အပါအဝင် မစ်ရှင်မျိုးစုံတွင် လုပ်ဆောင်နိုင်စွမ်းရှိကြောင်း AVIC အရ သိရသည်။ 

လုပ်ငန်းစဉ်တစ်ခုလျှင် လူ ၅၀ အထိ ကယ်ဆယ်နိုင်စွမ်းရှိသော AG600 လေယာဉ်ကို ကြီးမားသောဝန်များနှင့် ကျယ်ပြန့် ထိရောက်သော ရှာဖွေမှုများအတွက် ပုံစံထုတ်ထားခြင်း ဖြစ်သည်။ AG600 လေယာဉ်၏ ပထမဆုံး စမ်းသပ်ပျံသန်းမှုကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့ပြီး ပထမဆုံး ရေပြင်ပေါ်တွင် ပျံသန်းခြင်းနှင့် ဆင်းသက်ခြင်းများကို ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည်။

ပင်လယ်ပြင်တွင် ပျံသန်းမှုအတွက် ပြင်ဆင်ရန် ပင်လယ်ပြင်ပေါ် စမ်းသပ်ပျံသန်းမှုများစွာ ပြုလုပ်ပြီးစီးခဲ့သဖြင့် လေယာဉ်ဝန်ထမ်းများမှာ ဝေဟင်နှင့် ပင်လယ်ရေပြင် ပတ်ဝန်းကျင်အနေအထားများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာခဲ့ကြောင်း AVIC က ပြောခဲ့သည်။ 

AG600 လေယာဉ်သည် Y-20 ကုန်တင်လေယာဉ်နှင့် C919 အင်ဂျင်တစ်လုံးတပ် ခရီးသည်တင်လေယာဉ်များနည်းတူ တရုတ်နိုင်ငံ၏ လေယာဉ်ကြီးပုံစံများ တည်ဆောက်ရန် အရေးပါသောစီမံကိန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ 

AG600 လေယာဉ်သည် တစ်ကြိမ်လျှင် အရည် ၁၂ တန်ကိုတင်ဆောင်လျက် မီးလောင်ရာနေရာနှင့် ရေရှိရာနေရာအကြား ခေါက်တုံ့ခေါက်ပြန်သွားနိုင်ပြီး ကြမ်းတမ်းသော ရာသီဥတုအခြေအနေတွင် လုပ်ဆောင်နိုင်ရန်လည်း ပုံစံထုတ်ထားကြောင်း သိရသည်။ 

ထိုကဲ့သို့ ကုန်း၊ ရေ နှစ်သွယ်သွားလေယာဉ် တည်ဆောက်ခြင်းနှင့် စမ်းသပ်ခြင်းတွင် တရုတ်နိုင်ငံမှ စူးစမ်းလေ့လာသူများနှင့် ကျွမ်းကျင်သူများက အဓိကကျသော နည်းပညာများနှင့် လေယာဉ်ပျံသန်းနိုင်မှု သုံးသပ်ရေးစနစ်များ ပြုလုပ်ခဲ့ပြီး ယင်းလုပ်ငန်းစဉ်များတွင် သီးခြားလွတ်လပ်သော ဉာဏပစ္စည်းမူပိုင်ခွင့်များကိုလည်း ရရှိထားကြောင်း AVIC က ပြောကြားခဲ့သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.