Social, Education & Health
ဦးနှောက်ကျုံ့ဝင်မှု ခွဲစိတ် ကုသပေးပြီးနောက် တရုတ် ကလေးငယ်အား ကယ်တင်နိုင်
ချန်ရှ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
ဦးနှောက်အတွင်း ရေအိတ်တည်သည့် ရောဂါကြောင့် အလေးချိန် ၂၀ ကီလိုဂရမ် ရှိသော သုံးနှစ်အရွယ် မိန်းကလေး၏ ဦးခေါင်းအား ခွဲစိတ်ပြီးနောက် 3D နည်းပညာသုံး၍ ထုတ်လုပ်ထားသော တိုက်တေနီယံ (Titanium) သတ္တုစပ် ဦးခေါင်းခွံအား အစားထိုး တပ်ဆင်နိုင်ခဲ့ပြီးနောက် ပြန်လည် နေကောင်းလာပြီ ဖြစ်ကြောင်း ကုသပေးသူ ဆရာဝန်က ပြောပါသည်။
ဟန်ဟန်ဟု ချစ်စနိုး အမည်တွင်သော အဆိုပါ မိန်းကလေးအား တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ဒေသရှိ အမှတ် ၂ ပြည်သူ့ဆေးရုံကြီးတွင် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှ စတင်ပြီး ၁၇ နာရီကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ကုသခဲ့ရပြီး လက်ရှိမှာတော့ စောင့်ရှောက်မှု အောက်မှာပဲ ရှိနေကြောင်း ကုသမှုတွင် ခေါင်းဆောင် ပါဝင်ခဲ့သော အာရုံကြော ခွဲစိတ်ဆရာဝန် Kuang Weiping က ပြောပါသည်။
မွေးရာပါ ဦးနှောက်အတွင်း ရေအိတ်တည် ရောဂါရှိသော ဟန်ဟန်သည် လွန်ခဲ့သော နှစ်လ ကတည်းက ယင်းဆေးရုံ၌ ကုသမှု ခံယူနေခြင်း ဖြစ်သည်။ သူမ၏ ခေါင်းသည် ပုံမှန်ထက် လေးဆ ကြီးလာပြီး သူမ ကိုယ်အလေးချိန်၏ တစ်ဝက်ခန့် ရှိနေသောကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကတည်းက အိပ်ရာထဲလဲ နေခဲ့ရသည်။
ကြီးမားလာသော ရေအိတ် အလေးချိန်ကြောင့် ဦးနှောက်အတွင်း ကူးစက်ရောဂါ အပြင်းအထန် ခံစားနေရပြီး အမြင် အာရုံကြောများ ထိခိုက်ခဲ့သောကြောင့် မျက်စိ ကွယ်ခဲ့ရသည်။ရောဂါ ကူးစက်ခံရသော ဦးခေါင်းခွံအပိုင်းသည် တဖြည်းဖြည်း ပါးလာပြီး ဦးခေါင်းခွံ အက်ကွဲနိုင်သည့် အတွက် ဦးခေါင်းခွံ အစားထိုး ခွဲစိတ်ကုသခြင်းဖြင့် ကယ်တင်နိုင်မည်ဟု ယုံကြည်ကြောင်း Kuang က ပြောပါသည်။
ကုသမှု လုပ်ငန်းစဉ်တွင် အာရုံကြော ခွဲစိတ် ဆရာဝန်က သူမ၏ ဦးရေပြားနှင့် ဦးခေါင်းခွံအား ခွာလိုက်ပြီး နောက် ဦးခေါင်းအတွင်းမှ ရေများကို ဖယ်ထုတ်ခဲ့ကြောင်း၊ ဦးနှောက်ဟာ ပုံမှန် အရွယ်အစားကို ပြန်ရောက်သွားခဲ့ပြီးနောက် လှူဒါန်း ထားသော ဦးခေါင်းခွံအတုအား အစားထိုး ထပ်ဆင်ပြီးနောက် သူမ၏ ဦးရေပြားနှင့် ပြန်လည် ဖုံးအုပ်ပေးခဲ့ကြောင်း သိရသည်။
“ ကျွန်တော်တို့ အရမ်း အရမ်းကို ဂရုစိုက်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဦးခေါင်းခွံ မရှိတဲ့ ဦးနှောက် တစ်ရှူး တွေဟာ အခွံခွာထားတဲ့ ကြက်ဥ တစ်လုံးလိုပါပဲ၊ ကံကောင်းစွာနဲ့ပဲ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးသွားခဲ့တယ်” လို့ Kuang ကပြောပါသည်။ (Xinhua)