Connect with us

CHINA

ကာကွယ်ဆေးထုတ်လုပ်မှုကြိုးပမ်းခဲ့သူစစ်ဆေးသိပ္ပံပညာရှင် ချန်ဝေး၏ ကိုယ်ရေးရာဇဝင်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ပြည်သူ့သူရဲကောင်းဆုရချန်ဝေးအတူတကွ အမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့သူ တရုတ်နိုင်ငံစစ်တပ်မှ ဆေးသိပ္ပံပညာရှင် ချန်ဝေး(Chen Wei) အားစက်တင်ဘာ ၈ ရက်တွင်“ ပြည်သူ့သူရဲကောင်း” ဂုဏ်ပြုဆုတံဆိပ်ပေးအပ်ချီးမြှင့်ခဲ့သည်။

ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ ကျင်းပသည့် အစည်းအဝေးတွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ချန်ဝေးနှင့်အတူအခြားသောဂုဏ်ပြုဆုရရှိခဲ့သူများအား ဆုတံဆိပ်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။တရုတ်နိုင်ငံစစ်သိပ္ပံအကယ်ဒမီလက်အောက်ခံစစ်ဆေးဘက်ဆိုင်ရာသိပ္ပံ မှ သုတေသီတစ်ဦးဖြစ်သူအသက် ၅၄ နှစ်အရွယ်ရှိချန်သည် COVID-19 နှင့်ဆက်စပ်၍ အခြေခံသုတေသန၊ ကာကွယ်ဆေးထုတ်လုပ်မှုနှင့် ဆေးဘက်ဆိုင်ရာကာကွယ်ကုသမှုတွင် အဓိကစွမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။ 

ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံဟူပေပြည်နယ်မြို့တော် ဝူဟန့်မြို့ကိုဇန်နဝါရီ ၂၃ ရက်ကပိတ်ဆို့မှု Lockdown ပြုလုပ်ခဲ့ရသည်။ သုံးရက်အကြားတွင် ချန်သည် ဝူဟန့်မြို့သို့ရောက်ရှိလာခဲ့ပြီးကာကွယ်ဆေးအတွက် အပြင်းအထန်အလေးထားဆောင်ရွက်ခဲ့သည်။ချန်သည် အကာအကွယ်ဝတ်စုံဝတ်ဆင်ရာ၌ ပိုမိုလွယ်ကူအဆင်ပြေစေရန် ၎င်း၏ အနက်ရောင် ဆံကေသာအရှည်ကိုဖြတ်ပစ်ခဲ့သည်။ 

ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးတွင် တရုတ်နိုင်ငံပြည်သူ့သူရဲကောင်းဆုရချန်ဝေးအားလှိုက်လှိုက်လှဲလှဲကြိုဆိုနေကြစဉ်(ဆင်ဟွာ)

ဓာတ်ခွဲခန်းအတွင်းသုံးလကြာအပြင်းအထန် သုတေသနလုပ်ဆောင်ခဲ့သလို ဗိုင်းရပ်စ်တိုက်ဖျက်ရေးစစ်မြေပြင်တွင် ရှေ့တန်းကပါဝင်ခဲ့သဖြင့် သူ၏ ဆံကေသာအချို့သည် အညိုရောင်သို့ပင် ပြောင်းလဲသွားကုန်သည်။“ ဒါကတာဝန်ပဲလေ၊ ဘာကြောင့်လဲဆိုတော့ ကျွန်မကဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက်ပါ ၊ ကျွန်မမှာအားလုံးကိုလုပ်ဖို့ မဖြစ်မနေတာဝန် ရှိပါတယ်။ ဒါကြောင့် လုပ်ခဲ့ပါတယ်” ဟုချန်ကဆိုသည်။

မတ် ၁၆ ရက်တွင် ချန်၏ အဖွဲ့သည် ဗိုင်းရပ်စ် ကာကွယ်ဆေး (adenovirus vector vaccine)ကိုထုတ်လုပ်နိုင်ခဲ့ပြီးကမ္ဘာပေါ်တွင် ပထမဆုံးစမ်းသပ်မှုအဖြစ် ကာကွယ်ဆေးပထမအဆင့် စမ်းသပ်မှု(phase-one clinical trials) ကိုပြုလုပ်ခဲ့သည်။ ယခုနှစ် မေလက Lancet ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည့် အချက်အလက်အရကာကွယ်ဆေးစမ်းသပ်ခံရသူ ၁၀၈ ဦးစလုံးတွင် ခန္ဓာကိုယ်ခုခံအားစနစ် ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။

“ ကျွန်မတို့ရဲ့ စမ်းသပ်ချက် နဲ့ ကမ္ဘာကိုဖော်ပြတဲ့ ညွှန်းကိန်းထုတ်ပြန်ချက်ဟာ ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးသုတေသနကို မြှင့်တင်ဖို့နဲ့အနည်းငယ်အလှမ်းဝေးနေသေးတဲ့ အခြားနိုင်ငံတွေကသုတေသီတွေကိုထောက်ပံ့ကူညီပေးနိုင်ခဲ့ပါတယ် ”ဟုချန်ကဆိုသည်။

ဇူလိုင်လတွင် ကာကွယ်ဆေး၏ ဒုတိယအဆင့်စမ်းသပ်မှုအချက်အလက်များကိုလည်း ကမ္ဘာသို့ ထုတ်ပြန်ပေးခဲ့သည်။ အဆိုပါ စမ်းသပ်မှုအဆင့်နှစ်ခုကကာကွယ်ဆေး၏ အာနိသင်စွမ်းရည် နှင့် ဘေးကင်းလုံခြုံမှုကိုအတည်ပြုပေးနိုင်ခဲ့သည်။ချန်အတွက် ယခုအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်သေးပေ။ ၎င်းသည် လွန်ခဲ့သောဆယ်စုနှစ်များစွာကလည်းဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် ရှေ့တန်းစစ်မြေပြင်၌ ရပ်တည်ပေးခဲ့ပြီးဖြစ်သည်။

၂၀၀၃ ခုနှစ်ကဖြစ်ပွားခဲ့သောဆားစ် ဗိုင်းရပ်စ်(SARS) တိုက်ဖျက်ရေးတွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် အကာအကွယ်ပေးနိုင်ရန် ချန်၏ အဖွဲ့သည် နှာခေါင်းဖျန်းဆေးတစ်မျိုးကိုထုတ်လုပ်၍ အကူအညီပေးခဲ့သလို ၂၀၁၄ ခုနှစ်ကအီဘိုလာရောဂါအတွက် ကာကွယ်ဆေးကိုထုတ်လုပ်ပေးခဲ့သည်။

ချန်သည် ၎င်း၏ အဖွဲ့ ထူးထူးကဲကဲစွမ်းဆောင်မှုများလုပ်‌ဆောင်နိုင်ရန် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည်။ “ အဖွဲ့ထဲမှာပါဝင်တဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်ဟာသူတို့ရဲ့ ဉာဏ်ပညာကိုအသုံးချပြီးအလွန်ထူးကဲတဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ ပါဝင်ဆောင်ရွက်မှုကိုလုပ်ကိုင်ခဲ့ကြတာပါ” ဟု ၎င်းကဆိုသည်။

ချန်အားတရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် Lanxiမြို့တွင် ၁၉၆၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။ယခုနှစ် ဧပြီ ၁၂ ရက်ကသူသည် Lanxi မြို့ရှိအလယ်တန်းနှင့် မူလတန်းကျောင်းသားပေါင်း ၈၀, ၀၀၀ ကျော်ထံအသံဖြင့် သတင်းစကားတစ်ခုပေးပို့ခဲ့သည်။

ယင်းသတင်းစကားတွင် ချန်က“  ကောင်းမွန်တဲ့ လူမှုအသိုက်အဝန်းတစ်ခုကို ကျွန်မတို့ ဆောင်ကြဉ်းပေးရမယ် ၊ ဒါမှ ကျွန်မတို့ရဲ့ဘဝဟာအဓိပ္ပါယ်ပြည့်ဝလာမှာပါ ၊ အခြားသူတွေကိုနွေးထွေးလုံခြုံမှုယူဆောင်ပေးလို့ သင်တို့ရဲ့ ကမ္ဘာကြီးဟာလည်းပိုပြီးကြီးကျယ်ခမ်းနာလာပါလိမ့်မယ် ”ဟုဆိုသည်။(Xinhua)