Connect with us

WORLD

 စပိန်နိုင်ငံမှ ထိပ်တန်း သုတေသီများက ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်တွင် ရယူခဲ့သည့် စွန့်ပစ်ရေမှ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ လမ်းတစ်နေရာတွင် လမ်းသွားလမ်းလာများအား တွေ့ရစဉ် (Barcelona City Hall/Handout via Xinhua)

ဘာစီလိုနာ၊ စပိန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံတွင် ဩဇာတိက္ကမကြီးမားသော တက္ကသိုလ်များအနက် တစ်ခုဖြစ်သော ဘာစီလိုနာတက္ကသိုလ်ရှိ သုတေသီများက ၂၀၁၉ ခုနှစ် မတ် ၁၂ ရက်က စုဆောင်းရယူခဲ့သည့် စွန့်ပစ်ရေနမူနာများ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း ယင်းတက္ကသိုလ်က ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ 

“သက်ရောက်မှုကြီးမားသော ဂျာနယ်တစ်စောင်သို့ ပေးပို့ခဲ့ပြီး medRxiv ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သည့် ၎င်းရလဒ်များအရ ရောဂါကူးစက်မှုသည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မှ COVID-19 ဟူသောရောဂါကို မသိရှိမီကတည်းက ရှိနေခြင်းဖြစ်သည်ဟု တင်ပြထားကြောင်း” ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အဆိုပါ လေ့လာမှုကို ဘာစီလိုနာတက္ကသိုလ် Enteric Virus ဓာတ်ခွဲခန်းမှ သုတေသီများနှင့် ဘာစီလိုနာမြို့ မြို့ပြဧရိယာရှိ ရေလည်ပတ်စီးဆင်းမှု စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူ Aigues de Barcelona ကုမ္ပဏီတို့ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒီလေ့လာမှုကို “ပြန်လည်သုံးသပ်မှုလုပ်ဖို့ လိုအပ်နေပါသေးတယ်” ဟု သုတေသီများက ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးသော ကျန်းမာရေး သိပ္ပံပညာရပ်ဆိုင်ရာ စာရွက်စာတမ်းများအား အကြိုဖြန့်ဖြူးပေးသော အွန်လိုင်းဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် medRxiv တွင် ပြောခဲ့သည်။ 

အစောပိုင်းကတည်းက စပိန်နိုင်ငံတွင် ရှိနေခြင်း

“COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်ခုဖြစ်သော်လည်း စွန့်ပစ်ရေများတွင် ရောက်ရှိနေသည့် မစင်များ၌ ကိုရိုနာဗိုင်းရပ်စ် မျိုးရိုးဗီဇ အမြောက်အများ ပါဝင်နေသည်ကို သုတေသီများက သက်သေပြခဲ့ကြသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခုနှစ် ဧပြီလ ၁၃ ရက်ကတည်းက ဘာစီလိုနာမြို့၏ အဓိကရေသန့်စင်ရေးစက်ရုံနှစ်ခုမှ နမူနာများကို အပတ်စဉ်ရယူ၍ သုတေသီများက လေ့လာဆန်းစစ်ခဲ့သည်။ 

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ လမ်းပေါ်တွင် လမ်းသွားလမ်းလာများ သွားလာရန်နှင့် လူချင်းခပ်ခွာခွာနေရန် အကွာအဝေး မျဉ်းများရေးဆွဲနေသည့် အလုပ်သမားများအား တွေ့ရစဉ် (Barcelona City Hall/Handout via Xinhua)

“SARS-CoV-2 (သို့မဟုတ် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်) မျိုးဗီဇ အဆင့်တွေက လူများတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆင့်ကဲပြောင်းလဲမှုနဲ့ တစ်ထပ်တည်းကျနေပါတယ်” ဟု ဘာစီလိုနာတက္ကသိုလ် ဇီဝဗေဒဌာန ပါမောက္ခနှင့် လေ့လာမှု၏ ညှိနှိုင်းဆောင်ရွက်သူ Albert Bosch က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ 

စနစ်တကျ နမူနာကောက်ယူစဉ်အတွင်း ပြီးခဲ့သောလများမှ အေးခဲထားသော နမူနာများကို သုတေသီများက လေ့လာဆန်းစစ်ခဲ့ကြပြီး ယခုနှစ် ဇန်နဝါရီလ အစောပိုင်းနှင့် မတ်လအစောပိုင်းအကြားတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇ ပေါ်ထွက်လာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

အဆိုပါ တွေ့ရှိချက်အရ စပိန်နိုင်ငံတွင် COVID-19 ရောဂါ ပထမဆုံးတွေ့ရှိကြောင်း တရားဝင်ကြေညာခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်မတိုင်မီ ၄၁ ရက်စောကာ ဇန်နဝါရီ ၁၅ ရက်ကတည်းက ယင်းဗိုင်းရပ်စ် စပိန်သို့ ရောက်ရှိနေခဲ့သည်ကို ဖော်ပြလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

သုတေသီများ၏ ပြောကြားချက်အရ ၎င်းရလဒ်များသည် ရောဂါဖြစ်ပွားမှုအပေါ် ကြိုတင်လက်ဦးမှုရယူရန် စွန့်ပစ်ရေများ စောင့်ကြည့်သည်မှာ ကျိုးကြောင်းဆီလျော်မှုရှိသည်ကို ပြသလျက်ရှိကြောင်း သိရသည်။ 

“COVID-19 ရောဂါ ကူးစက်မှုတွေကို အစောပိုင်း ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ တုပ်ကွေးရောဂါအဖြစ် မှားယွင်းစွာ ရောဂါအမည်တပ်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးအာဏာပိုင်တွေက ဆောင်ရွက်ချက်တွေ မလုပ်ဆောင်မီ ရပ်ရွာအတွင်း ကူးစက်သွားတယ်” ဟု စပိန်နိုင်ငံ ရောဂါပိုးမွှားဗေဒဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ Bosch က ပြောခဲ့သည်။ 

အံ့အားသင့်ဖွယ်ရလဒ်များ 

ထိုရလဒ်များက သုတသီများအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စုဆောင်းရယူခဲ့သည့် အေးခဲနမူနာများကို လေ့လာဆန်းစစ်ရန် တွန်းအားဖြစ်စေခဲ့ပြီး ယင်းက “၂၀၁၉ ခုနှစ် မတ်လတွင် SARS-CoV-2 မျိုးဗီဇ ရှိနေသည်ဟူသော အံ့အားသင့်ဖွယ်ရလဒ်များ” တွေ့ရှိစေခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် COVID-19 ဖြစ်ပွားနေသည့်အချိန်အတွင်း အမှိုက်ပုံးများအား သန့်ရှင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (Barcelona City Hall/Handout via Xinhua)

“၂၀၁၉ ခုနှစ် မတ်လ ၁၂ ရက်က ရယူခဲ့တဲ့ နမူနာတွေကလွဲလို့ ကျန်တဲ့နမူနာတွေအားလုံးမှာ SARS-CoV-2  မျိုးဗီဇမတွေ့ရှိခဲ့ပါဘူး။ မတ်လ ၁၂ ရက်က ရယူခဲ့တဲ့ နမူနာမှာ SARS-CoV-2 ပါဝင်တဲ့အဆင့်တွေက နည်းပေမဲ့ တွေ့ရှိထားပါတယ်။ မတူညီတဲ့သတ်မှတ်ချက် နှစ်မျိုးကို သုံးပြီး စစ်ဆေးခဲ့တာပါ” ဟု Bosch က ဆိုသည်။ 

“ခရီးသွားလုပ်ငန်းနဲ့ ပညာရပ်ဆိုင်ရာ အကြောင်းအရင်းတွေနဲ့ ဘာစီလိုနာကို ခရီးသွားတွေ များစွာလာရောက်လေ့ရှိပါတယ်။ ဒါက ကမ္ဘာကြီးရဲ့ တခြားနေရာတွေမှာ အလားတူအခြေအနေ ဖြစ်နိုင်ဖွယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ COVID-19 ရောဂါ ကူးစက်ခံရသူအများစုက တုပ်ကွေးရောဂါနဲ့ လက္ခဏာတွေ တူညီနေတတ်တယ်။ ဒါတွေက အမျိုးအမည်မသိတဲ့ တုပ်ကွေးရောဂါတစ်ခုအဖြစ် ဖုံးကွယ်နေနိုင်ပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ 

လက်ရှိအချိန်အထိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာပေါ်ရှိ လူဦးရေ ၁၀ သန်းနီးပါးကို ကူးစက်ခဲ့ပြီး ငါးသိန်းခန့် သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.