Connect with us

WORLD

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုကြောင့် ယခုနှစ် ပထမငါးလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှု ၅၉ ရာခိုင်နှုန်းကျဆင်း

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Wat Phnom သမိုင်းဝင်နေရာသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပထမငါးလအတွင်း နိုင်ငံတကာခရီးသွားဧည့်သည် ၁.၁၇ သန်း ဝင်ရောက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် အလားတူကာလ၌ ဝင်ရောက်ခဲ့သည့် ခရီးသွားအရအတွက် ၂.၈၈ သန်းနှင့် နှိုင်းယှဉ်ပါက ၅၉ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဇူလိုင် ၁၅ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ 

ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် ပြည်ပခရီးသွား အများဆုံးနိုင်ငံများမှာ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊ အမေရိကန်နှင့် တောင်ကိုရီးယား စသည့်နိုင်ငံများ ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မေလတစ်လတည်းတွင် ပြည်ပခရီးသွားဧည့်သည် ၁၀,၄၇၅ ဦးသာ ဝင်ရောက်ခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူလ၌ ဝင်ရောက်ခဲ့သည့် ၄၇၅,၉၅၂ ဦးထက် ၉၇.၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်ဟု ဆိုသည်။ 

ကမ္ဘောဒီးယားနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် အရေအတွက် သိသိသာသာကျဆင်းသွားခြင်းသည် မတ်လမှစ၍  ပြည်ပခရီးသွားများအားလုံးအပေါ် ပြည်ဝင်ခွင့် တင်းကြပ်မှုများ သတ်မှတ်ခဲ့ရသည့် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဖြစ်သည်။ကမ္ဘောဒီးယားနိုင်ငံတွင် နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှု သိသာစွာ ကျဆင်းသွားခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားလုပ်ငန်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ဆုံးရှုံးမှုရှိနိုင်ကြောင်း ခရီးလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Thong Khon က ဇွန်လ၌ ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးကို ထောက်ပံ့ပေးသည့် ကဏ္ဍလေးခုအနက် တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဧည့်သည် ၆.၆ သန်းကို ဆွဲဆောင်နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။  (Xinhua)