Connect with us

WORLD

ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 လူနာသစ် ၂,၂၆၁ ဦးထပ်တိုး ၊ လူပေါင်း ၄ သန်းကျော် စစ်ဆေးခဲ့ပြီးဖြစ်

ဖိလစ်ပိုင်နိုင်ငံ Quezon မြို့ရှိ ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌ ပိုးသတ်ဆေးဖျန်းနေသည်ကို မတ် ၁၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ၌ ယနေ့အောက်တိုဘာ ၁၅ ရက်တွင် COVID-19 ရောဂါ အတည်ပြုလူနာသစ် ၂,၂၆၁ ဦး ထပ်မံ စမ်းသပ်တွေ့ရှိခဲ့ရာ လက်ရှိအချိန်ထိ အတည်ပြုလူနာစုစုပေါင်း ၃၄၈,၆၉၈ ဦးထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဌာန(DOH) က နောက်ထပ်ရောဂါသက်သာပျောက်ကင်းသူ ၃၈၅ ဦးရှိခဲ့ရာ လက်ရှိတွင် ရောဂါသက်သာပျောက်ကင်းသူစုစုပေါင်း ၂၉၄,၁၆၁ ဦးထိ ရှိလာကြောင်း ဆိုသည်။ တစ်ချိန်တည်းမှာပင် COVID-19 ရောဂါဖြင့် နောက်ထပ်လူပေါင်း ၅၀ ဦးသေဆုံးခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၆,၄၉၇ ဦးထိရှိလာကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာသည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ယနေ့ အောက်တိုဘာ ၁၅ ရက်တွင် ရောဂါကူးစက်မှု ၅၅၆ ဦးဖြင့် အမြင့်ဆုံးနေရာ၌ ရှိနေသည်။ လက်ရှိအချိန်ထိ ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံ့လူဦးရေ ၁၀၉ သန်းကျော်အနက် လူပေါင်း ၄ သန်းကျော်ကို COVID-19 ကူးစက်ခံရခြင်းရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း DOH က ဆိုသည်။

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ဖိလစ်ပိုင်နိုင်ငံသမ္မတ ဒူတာတေးသည် ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားရာ၌ ကာကွယ်ဆေးရရှိနိုင်ရန်အတွက် အစိုးရအနေဖြင့် ငွေကြေးအရင်းအမြစ်ကို ရရှိပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း ဆိုသည်။

ဒူတာတေးက ဆင်းရဲသားများအနေဖြင့် ကာကွယ်ဆေးကို ပထမဦးဆုံးရရှိမည်ဖြစ်ကြောင်း နှင့် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များ နှင့် စစ်သားများသည်လည်း ဦးစားပေးစာရင်းတွင် ပါဝင်ကြောင်း ဆိုသည်။

၎င်းအနေဖြင့် တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့မှ ထုတ်လုပ်လျက်ရှိသည့် ကာကွယ်ဆေးအပေါ် ယုံကြည်မှုရှိကြောင်း ၊ COVID-19 တိုက်ဖျက်ရေးအတွက် အဆိုပါနိုင်ငံများမှ ကာကွယ်ဆေး ရရှိနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ဒူတာတေးက ဆက်လက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ ဘက်ပေါင်းစုံ အကောင်အထည်ဖော်ဆောင်ရွက်ရေး အဖွဲ့အကြီးအကဲ Carlito Galvez က “ပြည်သူလူထု၏အမူအကျင့်ပြောင်းလဲလာမှု” နှင့် “COVID-19 တိုက်ဖျက်ရန် လူမှုအသိုက်အဝန်းအဆင့်တွင် ဒေသဆိုင်ရာအရာရှိများ၏ ကြိုးပမ်းအားထုတ်မှုများ” က အတည်ပြုလူနာအရေအတွက် နေ့စဉ် ဖြေးဖြေးမှန်မှန်လျှော့ကျလာစေခဲ့ရကြောင်း ဆိုသည်။

“ ကူးစက်မှု အနည်းဆုံး လျှော့ကျသွားဖို့အတွက် အတည်ပြုလူနာတွေနဲ့ထိတွေ့ခဲ့သူတွေကို ကြိုးစားရှာဖွေဖော်ထုတ်တာ ၊ စမ်းသပ်စစ်ဆေးတာ ၊ ကုသမှုပေးတာ နဲ့ သီးခြားခွဲထားမှုလုပ်တာတွေကို ပိုပြီး အင်တိုက်အားတိုက်လုပ်ဆောင်သွားမှာပါ” ဟု ရုပ်သံမှတစ်ဆင့် Galvez က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.