Connect with us

News

COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို လက်တွေ့မြေပြင်၌ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အထူးအသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ထုတ်ပြန်

ကျန်းမာရေးဝန်ထမ်းများမှ Myanmar Notational League အဖွဲ့သားများအား COVID-19 ရောဂါရှိမရှိစစ်ဆေးပေးနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) 

COVID- 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို လက်တွေ့မြေပြင်၌ ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား အထူးအသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယနေ့ စက်တင်ဘာ ၁၂ ရက်တွင်ပြောကြားခဲ့သည်။ 

လက်ရှိတွင် မြန်မာနိုင်ငံ ၌ COVID-19 အတည်ပြုလူနာများ ဆက်တိုက် တွေ့နေရပြီး ကျန်းမာရေးဝန်ထမ်း များပါ လူနာ နှင့်ထိတွေ့မိရာက COVID-19 ကူးစက်ခံရမှုများဖြစ်ပွားလျက်ရှိကြောင်းသိရသည်။ 

“ယခုအချိန်၌ တာဝန်ထမ်းဆောင်ရင်း ရောဂါကူးစက်ခံနေရသော ကျန်းမာရေး ဝန်ထမ်းများ၊ Quarantine ဝင်နေရသော ကျန်းမာရေးဝန်ထမ်းများ ရှိလာသည့်အတွက် မိမိ၏ သားသမီးများသဖွယ်ဖြစ်သော လုပ်ဖော်ကိုင်ဖက်များအတွက် အထူးစိုးရိမ်ပူပန်မိ ပါသည်။ သို့ပါ၍  ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ (Infection Prevention and Control Measure) များကို ဂရုပြုလိုက်နာကြရန် မှာကြားလိုပါသည်။ မိမိတို့အနေဖြင့် လိုအပ်သည့်ပစ္စည်းများကို ဆက်တိုက် ပံ့ပိုးပေးလျက်ရှိပြီး ဆက်လက်၍လည်း အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

မိမိ၏လုပ်ဖော်ကိုင်ဖက် ကျန်းမာရေးဝန်ထမ်းများ၏ အန္တရာယ်ကင်း လုံခြုံရေးသည် မိမိတို့၏ဦးစားပေးရည်ရွယ်ချက်ဖြစ်ပြီး ယခုကဲ့သို့ ကပ်ရောဂါ ဖြစ်ပွားနေသည့် အချိန်ကာလတွင် မိမိတို့၏ ကျန်းမာရေးဝန်ထမ်းများ အန္တရာယ်ကင်း၊ ကျန်းမာစွာတာဝန်ထမ်းဆောင်နိုင်မှသာ ကျန်းမာရေးစနစ်ကြီးတစ်ခုလုံး ပုံမှန် ဆက်လက်  လည်ပတ်နိုင် ပြီး  ဤကပ်ရောဂါကို အမြန်ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။’’ ဟုဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံတွင် COVID- 19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်နေသည်မှာ  (၈)လကျော် အချိန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအချိန်တွင် ကြိုတင်ခန့်မှန်းတွက်ဆထားသည့် အတိုင်း ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာ၍ လျင်မြန်စွာပျံ့နှံ့လျက်ရှိရာ ဆေးရုံများတွင် ရောဂါအတည်ပြုလူနာနှင့် သံသယလူနာများ အလွန်များပြားလျက်ရှိပြီး ကုသရေးဆိုင်ရာ တာဝန်ယူနေကြသည့် ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ဆေးရုံဝန်ထမ်းများအားလုံးသည် ဆေးပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ နေ့ရောညပါ စေတနာအပြည့်ဖြင့် အလုပ်တာဝန်များကို တာဝန်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ (health care providers) အနေဖြင့် ကိုယ်တိုင် ရောဂါကူးစက်ခံရနိုင်ချေ မြင့်မားသူများဖြစ်ပြီး မိသားစုဝင်များအပေါ် စိုးရိမ်ပူပန်မှုများရှိသော်လည်း မိမိတို့၏ကိုယ်ကျိုးကိုမကြည့်ဘဲ အနစ်နာခံကာ နေ့မအား ညမအား တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးရုံ အသီးသီးမှ ဆရာဝန်များ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာပညာရှင်ဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်ဝန်ထမ်းများနှင့် အခြားဝန်ထမ်းများ၊  ဗဟိုနှင့် ပြည်နယ်/ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ကျန်းမာရေးပညာရှင်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ၊ COVID 19  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တစ်ထောင့်တစ်နေရာမှတာဝန် ထမ်းရွက်လျက်ရှိကြသောကျန်းမာရေး ဝန်ထမ်း တစ်ဦးတစ်ယောက်စီတိုင်းအား အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း မှတ်တမ်းတင် အပ်ပါသည်ဟု ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြောရေးဆိုခွင့် အဖွဲ့ဝင် ၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က “ကျန်းမာရေး ဝန်ထမ်းတွေကူးစက်ခံရမှုတွေ ရှိနေတယ်။ ရန်ကုန်မှာရော၊ ရခိုင်မှာရော ကူးစက်ခံရမှုတွေ ရှိတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ နေ့ည မအားရအောင် ကြိုးစားပန်းစား လုပ်ဆောင်နေရတဲ့ အတွက် ဝန်ကြီးက အခုလိုပြောတာဖြစ်ပါတယ်။ ကပ်ရောဂါတစ်ခုရဲ့ သဘောက ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ မှန်းရခက်တယ်။ ကျွန်တော်တို့ မှာ ရှိတဲ့ အရင်းအမြစ်နဲ့ အကောင်းဆုံးကြိုးစားဆောင်ရွက်နေပါတယ်။’’ ဟုဆင်ဟွာသို့ ပြောသည်။ 

မိမိတို့၏နိုင်ငံတွင် အရင်းအမြစ်များ အကန့်အသတ်ရှိသော်လည်း COVID-19 ပထမလှိုင်းကို အောင်မြင်စွာ ကျော်လွှားဖြတ်ကျော်နိုင်သကဲ့သို့ ယခုဒုတိယလှိုင်း တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုဖြင့် အစိုးရတစ်ရပ်လုံး ပါဝင်ချဉ်းကပ်ဆောင်ရွက်မှု၊ ပြည်သူတစ်ရပ်လုံး ပါဝင်ချဉ်းကပ် ဆောင်ရွက်မှုပုံစံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ နှီးနွှယ်ဌာန/ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များ၊ ပြည်သူများနှင့် ပူးပေါင်းကာ ရဲရင့်မွန်မြတ်သော ကျန်းမာရေး ဝန်ထမ်း များ၏ အင်အားဖြင့် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်၍ ဤ COVID-19 ကပ်ရောဂါ ကို အောင်မြင်စွာ ကျော်လွှား နိုင်မည်ဟု အလေးအနက် ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထုတ်ပြန်ခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.